မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ပူတာအို နမ်ဆဘွမ်ကျေးရွာဘေး ရွှေတူးဖော်နေသူတွေ စစ်တပ်က မောင်းထုတ်

ကချင်ပြည်နယ်  ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် နမ်ဆဘွမ်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့သူတွေကို စစ်ကောင်စီတပ်က လိုက်လံမောင်းထုတ်နေတယ်လို့ ဒေသခံ‌ တွေဆီကနေသိရပါတယ်။

၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းလောက်ကတည်းကနေ နမ်ဆဘွမ်ကျေးရွာ ချောင်းနဘေးမှာတရားမဝင်ရွှေတူးဖော်သူတွေကို စစ်ကောင်စီတပ်က ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းကတည်းကနေ လိုက်လံမောင်းထုတ်နေတာဖြစ်တယ်လို့ နမ်ဆဘွမ်ဒေသခံတစ်ဦးက KNGကို ပြောဆိုလာပါတယ်။

လက်နဲ့တူးတဲ့လူတွေကော စက်နဲ့တူးတဲ့လူတွေကော အကုန်မောင်းထုတ်နေတယ် တချို့တွေဖိနပ်တောင်စီးချိန်မရလိုက်ဘူး ပြေးကြတာ ဘာလို့လည်းမသိဘူးရုတ်တရက်ကြီး ဝင်လာပြီးမောင်းထုတ်နေတယ်လို့ သူကပြောပါတယ်။

အဲ့ဒီရွှေတူးဖော်မှုလုပ်နေတဲ့နေရာဟာ နမ်ဆဘွမ်ချောင်းနဲ့ ဒေသခံတွေရဲ့လယ်တောအနီးမှာဖြစ်ပြီး စက်န္တရားအစီး ၃၀ ထက်မနည်းနဲ့ နေ့စဥ်လက်လုပ်လက်စား ၅၀ ဦးထက်မနည်း တူးဖော်လျက်ရှိရာ အားလုံးကိုမောင်းထုတ်နေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

စက်နဲ့တူးတဲ့လူတွေများတယ် စက် အစီး ၃၀ ကျော်လောက်ရှိတယ်လောပန်းတွေလည်း စက်တွေ ပစ်ထားပြီးမှပြာယာပြာယာပြေးနေကြတယ် စက်တွေကပေးမလားသိမ်းသွားမလားမသိဘူးလို့ အခြားဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိ အဲ့ဒီရွှေတူးဖော်တဲ့နေရာတွေကို စစ်ကောင်စီစစ်သားတွေ စောင့်ကြပ်ထားပြီး အရပ်သားဖမ်းဆီးခံရမှုနဲ့ စက်ယန္တရားတွေ ဖမ်းဆီးခံရမှုရှိမရှိ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

နမ်ဆဘွမ်ကျေးရွာဧရိယာမှာ ရွှေအထွက်နှုန်းများတာကြောင့် လုပ်ငန်းရှင်တွေဟာ ဒေသခံတွေရဲ့လယ်ယာမြေနဲ့ ဘိုးဘွားပိုင်မြေယာ တွေကို ငွေကျေးပေးဝယ်ကာ ကျေးရွာ နားအထိတူးဖော်နေတာကြောင့် ဒေသခံအချို့က ကျေးရွာထိခိုက်ပျက်စီးလာလို့ ကန့်ကွက်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။

ပူတာအိုဒေသဟာ စစ်အာဏာမသိမ်းမှီက လက်လုပ်လက်စား ရွှေတူးဖော်မှုတွေသာ ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ ပူတာအို မြို့နယ်ထဲက နမ်ထူခူး၊ မကျော့ဝါ၊ မကပ်မုံစတဲ့ကျေးရွာတွေနဲ့ မချမ်းဘော့နယ်ထဲက နမ်ဆဘွမ်၊ မလိခမြစ်ရိုးတလျောက်စတဲ့နေရာတွေမှာ စက်ယန္တရားကြီးတွေနဲ့ကျယ်ကျယ်ပြန့်ပြန့်တူးဖော်လာနေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button