မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ဗဲန်ဝိုင်ကျေးရွာမှာ မြေရှားသတ္တုတူးဖော်နေတာကို ရပ်တန့်ပေးဖို့ ဒေသခံပြည်သူတွေက တောင်းဆို

ဗန်းမော်ခရိုင် မိုးမောက်မြို့နဲ့မိုင်ဂျာယန်ကြား စိန်လုံတောင်အနီး ဗဲန်ဝိုင်(Byen wai)ကျေးရွာနေ ဒေသခံတွေရဲ့စိုက်ခင်းမှာ မြေရှားသတ္တုတူးဖော်နေတာကို ရပ်တန့်ပေးဖို့ဒေသခံပြည်သူတွေက တောင်းဆိုနေကြပါတယ်။

စိန်လုံတောင်အနီး ဗဲန်ဝိုင်ကျေးရွာမှာ ဒေသခံပြည်သူအိမ်ခြေ ၂၀ ကျော်ရဲ့ ရှောက်ကောစိုက်ခင်းရှိတဲ့ လဂတ်တောင်တစ်ကြောကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဒေသခံခြံပိုင်ရှင်တွေကိုခြံထဲဝင်ခွင့်ပိတ်ထားပြီး မြေရှားသတ္တုတူးဖော်ခွင့်ပြုနေတယ်လို့ ပြောပါတယ်။ 

အစပိုင်းတော့ စမ်းသပ်တူးဖော်တယ် အခြေအနေက ဘယ်လိုလဲဆိုတော့ စမ်းသပ်တော့ အခုဒေသခံတွေရဲ့ ခြံမြေတစ်လျှောက်က မြေရှားသတ္တုအထွက်ကောင်းမယ့် အနေအထားရှိလို့တဲ့။ အခုက အမြန်ဆုံးတူးဖို့ သတ္တုတူးဖော်ရေးစတင်နေပြီ။ ပစ္စည်းတွေ၊ ကားအစီးတွေနဲ့ ဆက်တိုက်တင်ပို့နေတယ်။ ဒေသခံတွေ သဘောမတူတဲ့ကြားက နားမထောင်ဘဲ တူးဖော်နေတယ်။ အခုထိ ရွာသားတွေကို ခြံထဲကို သွားခွင့်မပေးဘူး ပိတ်ပင်ထားတယ်လို့ ဒေသခံ ကက်သလစ်ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဗဲန်ဝိုင်ဒေသခံတွေဟာ ဒီရှောက်ကောစိုက်ခင်းစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတာဖြစ်တယ်လို့သိရပြီး ခုလို KIA တပ်ဖွဲ့ဝင်တွေက မြေရှားတူးဖော်တာနဲ့ပတ်သက်ပြီး ဒေသခံအခင်းပိုင်ရှင်တွေကို အသက်အန္တရာယ်ထိခိုက်စေတာမျိုးတွေအထိခြိမ်းခြောက်ထားတွေရှိနေတာကြောင့် ခြံထဲသွားလို့မရတာဘဲ စိုးရိမ်စိတ်နဲ့နေနေကြရတယ်လို့ ပြောပါတယ်။

စိန်လုံကျေးရွာနဲ့ မိုင်ဂျာယန်ကြားက ဗဲန်ဝိုင်ဒေသခံတွေရဲ့ ရှောက်ကောစိုက်ခင်းနေရာမှာ မြေရှားသတ္တုစမ်းသပ်တူးဖော်လာတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဒေသခံပြည်သူ ၆၀ ခန့်က KIO အရှေ့တိုင်းဗဟိုဌာနချုပ် မိုင်ဂျာယန်မြို့ဆီကို သွားရောက်ပြီး သက်ဆိုင်ရာ KIO လူကြီးတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို တွေ့ဆုံခဲ့စဉ် သက်ဆိုင်ရာ KIO အရာရှိတွေဘက်က ဒေသခံပြည်သူတွေရဲ့အသံကို နားထောင်တဲ့အနေနဲ့ ဒေသခံတွေကန့်ကွက်တဲ့နေရာမှာ မြေရှားသတ္တုမတူးဖော်ဖို့ သဘောတူတယ်ဆိုပြီး ပြောဆိုလိုက်တယ်လို့ ဒေသခံတွေဘက်က ပြောပါတယ်။

ဒါကြောင့် ရွာသားတွေလည်း ဝမ်းသာပီတိတွေနဲ့ ကျေးဇူးတင်ချီးမွမ်းဆုတောင်းပွဲအစီအစဉ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို ဆုတောင်းပွဲအပြီး  ရက်အကြာမှာပဲ ဒေသခံတွေကမိမိတို့ရဲ့ ရှောက်ကောခြံတွေကို သွားရောက်ခြံခတ်ဖို့နဲ့ လုပ်ငန်းလုပ်ကိုင်ဖို့ သွားတဲ့အခါ လက်တွေ့မြေပြင်မှာတော့ KIA ဘက်က ဝင်ခွင့်တားမြစ်လိုက်တာ လက်ရှိချိန်ထိဖြစ်တယ်လို့ ပြောပါတယ်။ 

ရွာသားတွေကို ခြံထဲဝင်ခွင့်တားမြစ်ပိတ်ပင်ပြီး မြေရှားသတ္တုတူးဖော်မှု စတင်နေပြီဖြစ်တာကြောင့် အသက်မွေးဝမ်းကျောင်းပြုရာနေရာ ဆုံးရှုံးထိခိုက်နေတဲ့ ဗဲန်ဝိုင်ရွာသားတွေ စိတ်ပူပန်သောကရောက်နေတယ်လို့ ပြောပါတယ်။

တချို့က စိုက်ပျိုးမြေတစ်ဝိုက် ထိသွားတယ်။ တချို့ကတော့ ရှောက်ကောတွေစိုက်ထားတဲ့ စိုက်ခင်းကြီးတစ်ခုလုံး ထိခိုက်ဆုံးရှုံးနေတာရှိတယ်။ တချို့ကိုကျတော့ အရေအတွက် ရေထားပြီး လျော်ကြေးပေးမယ်ဆိုပြီး စကားနဲ့ပြောထားတယ်။ တချို့ကတော့ ခက်ခဲတာကြောင့် လျော်ကြေးပေးရင်တော့ လျော်ကြေးငွေယူမယ်ဆိုပြီး တွေဝေနေတာ တစ်ယောက်တစ်လေရှိပေမဲ့ ဒီလိုကျနော်တို့ စိုက်ခင်းမှာ တူးဖော်တာကိုတော့ လုံး၀ လက်မခံဘူးဆိုတဲ့သူတွေ အိမ်ခြေ ၁၀ အိမ်အထက်ရှိတယ်။ အခုက မြေရှားသတ္တုတူးဖော်တာကို ကန့်ကွက်တာဟာ မြေရှားသတ္တုတူးဖော်မှုကို လောဘစိတ်နဲ့ နည်းစနစ်ကျကျ တူးဖော်မှုမဟုတ်တာကြောင့် ကန့်ကွက်နေတာဖြစ်တယ်ဟု ဒေသခံဘာသာရေးခေါင်းဆောင်တစ်ဦးက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ  KIO,KIA ဘက်ကို KNG သတင်းဌာနေကနေ ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ကချင်လွတ်လပ်ရေးအဖွဲ့ KIOဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး အဲဒီနေရာတစ်ကြော မြေရှားသတ္တုတူးဖော်ဖို့ စတင်လာတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒါကြောင့် ဒေသခံပြည်သူတွေနဲ့ သက်ဆိုင်ရာအသင်းတော် ဘာသာရေးအဖွဲ့အစည်းတွေက ဦးဆောင်ပြီး မြေရှားသတ္တုတူးဖော်မှုစီမံကိန်းကို ကန့်ကွက်နေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ် ဖေဖော်ဝါရီလက အင်ပါဘာဒေသ ဒိန်ဆင်းပါမှာ KIO က မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်လာတာကို ဒေသခံပြည်သူတွေ အပြင်းအထန် ကန့်ကွက်ခဲ့တာကြောင့် KIO ဘက်က တရားဝင် လုပ်ငန်းပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဇန်နဝါရီလ၂၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မံစီမြို့နဲ့ မန်ဝိန်းကြီးကြားက ကိုင်းထိပ်ဒေသကို KIO က မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဒါကြောင့် ကိုင်းထိပ်ဒေသမှာ မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့အပေါ် ကန့်ကွက်ကြောင်း ဗန်းမော်ဇုံနယ် KBC အသင်းတော်ဘက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကထုတ်ပြန်ထားတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button