စစ်ပြေးဒုက္ခသည်များသတင်း

နမ့်မှော်ကျေးရွာ‌ပြည်သူတချို့ ရွာထဲပိတ်မိနေ

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကသိုဏ်းတောင်ခြေမှာရှိတဲ့ နမ့်မှော်ကျေးရွာနေပြည်သူတချို့ တိုက်ပွဲတိမ်းရှောင်လာကြ‌ပေမယ့် အများပိုင်း ရွာထဲပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၄ ရက်နေ့ နေ့လည်း ၁ နာရီဝန်းကျင် ဖားကန့်တာမခံသွားလမ်းမပေါ်ရှိ ကသိုဏ်းတောင် စစ်တပ်စခန်းကုန်းကနေ လက်နက်ကြီးပစ်ခတ်သံ‌ တွေကြားရပြီးနောက် နမ့်မှော်ဒေသခံတွေဟာ တိုက်ပွဲဖြစ်လာမှာစိုးရိမ်ရိမ်တဲ့တွက် ထွက်ပြေးတိမ်းရှောင်နေချိန် စစ်တပ်က ရွာအဝင်အထွက်ကို ပိတ်လိုက်ကြောင့် ပိတ်မိနေသူတွေများနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုက ရွာအပြင်ရောက်တဲ့သူလည်း အထဲမဝင်ရဘူး။ ရွာထဲကလူတွေလည်း အပြင်ထွက်မရဘူးလို့ နမ့်မှော်ကျေးရွာနေပြည်သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နမ့်မှော်ကျေးရွာသွား လမ်းမပေါ်ရှိ မှော်လကင်ကျေးရွာလမ်းဆုံနေရာမှာ စောင့်ဆိုင်းပြီးအဝင်အထွက်အားလုံးကို ကန့်သတ်စီစစ်နေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

နန့်မှော်ကျေးရွာဟာ အိမ်ခြေသုံးကာကျော်၊လူဦးရေတစ်ထောင်ကျော်ရှိပြီး၊တချို့ ပြည်သူတွေဟာ တောင်းကော့၊ကောင်စံအစရှိတဲ့ မှော်ကျေးရွာရှိ ဆွေးမျိုးအသိများထံ တိုက်ပွဲတိမ်းရှောင်နေကြသလို ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ဘုန်းတော်ကြီးကျောင်းမှာလည်း စစ်ရှောင် ၃၀ ဦးဝန်းကျင်ကတော့ရောက်ရှိ‌နေပြီလို့ သိရပါတယ်။

ကသိုဏ်းတောင်ခြေမှာရှိတဲ့ နမ့်မှော်ရွာဟာ ဖားကန့်တာမခံကျေးရွာ သွားရောက်နိုင်တဲ့ လမ်းမှာရှိတာဖြစ်ပါတယ်။

ဒါ့အပြင် ကသိုဏ်းတောင် စစ်တပ်စခန်းကုန်းကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၇ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF တို့ တိုက်ခိုက်သိမ်းပိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကသိုဏ်းတောင်အနီးဝန်းကျင်မှာရှိတဲ့ နန့်မှော်ကျေးရွာနေပြည်သူတွေဟာ ပထမဆုံးအကြိမ် တိုက်ပွဲတိမ်းရှောင်ခဲ့ကြရပြီး ခုဆို ဒုတိယအကြိမ်တိမ်းရှောင်တာ ဖြစ်ပါတယ်။

လက်ရှိ ဖားကန့်ဒေသကို ဝင်ထွက်သွားလာနိုင်တဲ့ ဖားကန့်မိုးကောင်းလမ်းမကြီးပေါ်ရှိ နန့်တိန်းဗျူဟာစစ်စခန်း၊ဖားကန့်အင်းတော်ကြီး လမ်းပေါ်ရှိ ဝှေခါစစ်စခန်းနဲ့ ဥရုချောင်းရိုးအတိုင်းသွားလာနိုင်တဲ့ တာမခံရဲစခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA KPDF တို့က စခန်းသိမ်းတိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။

ခုလို ဖားကန့်ဒေသရဲ့ အဝင်အထွက်လမ်းမကြီးပေါ်ရှိ အရေးပါတဲ့ စစ်စခန်းများ လက်လွှတ်ရပြီးနောက် ဖားကန့်မြို့‌ပေါ်မှာရှိတဲ့ ဗျူဟာကုန်းက‌ စစ်တပ်တွေဟာ တိုက်ပွဲဖြစ်နေတဲ့ တာမခံဘက်ကို လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတဲ့အပြင် တာမခံကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDFပူးပေါင်းတပ်နဲ့ စစ်တပ်တို့နှစ်ဖက်စစ်ရေးတင်းမာနေပြီး၊ဖားကန့်‌ ဒေသတွင်းနေ့စဉ်တိုက်ပွဲများ ဖြစ်ပေါ်နေပြီး ပစ်ခတ်မှုများရှိနေသလို၊တိုက်ပွဲ‌ကြောင့် လျှပ်စစ်မီးတိုင်များ ပျက်စီးရာမှ လျှပ်စစ်မီးပြတ်တောက်နေတာလည်း တစ်လနီးပါးကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။

By – NY

Show More

Related Articles

Back to top button