တိုက်ပွဲသတင်း

တာမခံဘုန်းကြီးကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပိတ်ဆို့တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံရွာဘုန်းကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်မတော် SNA ပူးပေါင်းတပ် အင်အား ၆၀ ဝန်းကျင်ကို KIA,KPDF ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၅၀ ထက်မနည်း သေဆုံးတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ မတ်လ ၃ ရက်နေ့ ဖားကန့်နမ့်မှော်ကျေးရွာ သံသုံးတောင်ဘက်ကနေ တာမခံဘက်ကို စစ်ကူပို့ဖို့ တာမခံကျေးရွာဘုန်းကြီးကျောင်းအတွင်းတပ်စွဲ‌ထားချိန် မတ်လ ၄ ရက်နေ့ ညပိုင်း ၆ နာရီဝန်းကျင်မှာ ကချင်လွတ်လပ်‌ရေးတပ်မတော် KIA/KPDF မှ သွားရောက်တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ KPDF သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောပါတယ်။

အသေများတယ် ဝိုင်းပစ်တာ အရှင်မထားဘူး အလောင်းကိုမှထပ်သွားတာဘဲ လို့ ပြောပါတယ်။

အဲဒီတာမခံဘုန်းကြီးကျောင်းမှာ လာရောက်နေထိုင်တဲ့ စစ်အင်အား ၆၃ ဦးရှိပြီး တိုက်ခိုက်ခံရချိန် ၁၀ ဦးခန့် ထွက်ပြေးသွားတာရှိတဲ့အတွက် လိုက်လံရှင်းလင်းနေဆဲဖြစ်ပြီး လက်နက်ခဲယမ်းတစ်ချို့လည်း သိမ်းဆည်းရမိတယ်လို့ သူကဆက်ပြောပါတယ်။

၆၀ မမ စိန်ပြောင်း၊ လက်ထောက်စက်လက်နက်ငယ်ရယ်ဆက်စပ် စစ်အသုံးအဆောင်ပစ္စည်း‌တွေနဲ့ ကွန်ပျူတာတစ်လုံးရတယ်။ ထွက်ပြေးတဲ့ ဆယ်ယောက်လောက်ကို လိုက်လံရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိတာမခံကျေးရွာရဲ့အခြေအနေဟာ စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ SNA ပူးပေါင်းတပ်တွေက ရံဖန်ရံခါ ရွာထဲကနေအိမ်တွေကို မီးလိုက်ရှို့နေတဲ့အပြင် လေယာဉ်နဲ့ မီးလောင်ဗုံးကျဲနေတာ‌ကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းအပါ ရွာရဲ့သုံးပုံနှစ်ပုံခန့် မီးလောင်ပျက်စီးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

တာမခံစစ်တပ်စခန်းနဲ့ ရဲစခန်းကို KIA,KPDF တပ်တို့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ စတင်ထိုးစစ်တိုက်ခိုက်နေတာဖြစ်ပြီး ရဲစခန်းကို သိမ်းပိုက်ရရှိထားပြီဖြစ်ပေမယ့် စစ်ကောင်စီတပ်ရဲ့ ခမရ ၁၁၉ တာမခံအထိုင်စခန်းမှာ တပ်ရင်းမှူးအပါ အင်အား ၃၀ နဲ့ ၅၀ကြား ရှိနေနိုင်သေးပြီး ကတုတ်ကျင်းထဲကနေ အသေခံခုခံနေတာကြောင့် KIA/KPDF မှ ပိတ်ဆို့တိုက်ခိုက်လျက်ရှိနေဆဲဖြစ်ပါတယ်။ 

နှစ်ဖက်တိုက်ပွဲ ၉ ရက်အတွင်း စစ်တပ်ဘက်က လေကြောင်းနဲ့အလွန်အကျွံပစ်ခတ်တာအပြင် ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ကူနေတာတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာအပြင် စခန်းသိမ်းတိုက်ပွဲဟာလည်း ကြန့်ကြာနေတာဖြစ်ပါတယ်။

ဖားကန့်မြို့နဲ့မိုးကောင်းမြို့လမ်းမပေါ်အချက်အချာ ကျတဲ့ နမ့်တိန်း‌ဒေသ၊ ဖားကန့်မြို့နဲ့ဟိုပင်၊ မိုးညှင်းမြို့သွား ဝှေခါဒေသမှာရှိတဲ့ စစ်တပ်စခန်းအားလုံးကို KIA,PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပိတ်ဆို့ထားနိုင်ပြီဖြစ်ပါတယ်။

ဒါကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းအစပ် တာမခံဒေသကို ထပ်ပြီးတိုက်ခိုက်ရရှိမယ်ဆိုပါက ဖားကန့်မြို့နယ်ရဲ့ အဓိကဝင်ထွက်ပေါက်များကို KIA တပ်မဟာ () တပ်ရင်း ()၊ တပ်ရင်း (၄၄)၊ တပ်ရင်း (၃၁)၊ တပ်ရင်း (၂၆) KPDF များက အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်မယ့် အခြေအနေဖြစ်ပါတယ်။

By – CJ

Show More

Related Articles

Back to top button