သတင်း

တိုက်ပွဲကြောင့် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းရက်အကန့်အသတ်မရှိ ပိတ်ထား

မြစ်ကြီးနားပူတာအို ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ် နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းကို မနေ့ညပိုင်းကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့  ပူတာအိုမြို့ ဂိတ်မှူးတစ်ဦးက KNG ကို ပြောပါတယ်။

ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာမနေ့ညကစပြီး သေနတ်သံတွေစကြားရတာပဲ မနေ့ညပိုင်းကနေ လမ်းပိတ်မယ်လို့ ပြောတယ်။ အဲ့ကြောင့် ဒီနေ့တော့ မြစ်ကြီးနားဆင်းမယ့် ကားဆရာတွေကို မဆင်းခိုင်းတော့တာ ဘယ်နေ့ထိပိတ်မလဲ မသိသေးဘူး။ စစ်ရေးအခြေအနေကြောင့်ပိတ်တာဆိုတော့လို့ ဂိတ်မူးတစ်ဦးက ပြောပါတယ်။

ဆွမ်ပရာဘွမ့် မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်း၊ ရဲစခန်းအပြင် ဆွမ်ပရာဘွမ့်မြို့အရှေ့ဖက် မလိယာန်ကျေးရွာ အနီးတဝိုက်ရှိ တပ်စခန်း ၃ ခုကို မတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းလောက်ကနေ KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ မနေ့ညမှာတော့  မလိယာန်အနီးတဝိုက် ဆွမ်ပရာဘွမ့်မြို့နဲ့ ၅ မိုင်အကွာလောက်မှာရှိတဲ့ ဒိန်ဝါရွမ်(Ding Wa Rum) တပ်စခန်းကို KIA တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာရှိတဲ့ ဆွမ်ပီယန်ကျေးရွာမှာလည်း မနေ့က ၃ နာရီခွဲအချိန်လောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦးက ”သိတဲ့သူလည်းသိတယ် မသိတဲ့လူလည်း မသိသေးဘူး သိတဲ့လူတွေကတော့ လမ်းပိတ်မယ်ကြားတာနဲ့ အရင်ဆုံး ဆီတွေဘာတွေပြေးဝယ်နေကြတာ ပြီးရင်တချို့ကစိုးရိမ်နေကြတယ် တိုက်ပွဲက ပူတာအိုအထိများရောက်လာမလားပေါ့ အဲ့ကြောင့်နားစွန့်ပြီး ညသတင်းပဲနားထောင်နေရတာ” လို့ သူကပြောပါတယ်။

ပူတာအိုဒေသဘက်ကို အခြေခံစားသောက်ကုန်၊ စက်သုံးဆီတွေကို ကုန်းကြောင်းတစ်ခုနဲ့ပဲ သယ်ယူရတာဖြစ်ပြီး အခုလိုကုန်းကြောင်း ပိတ်နေတဲ့အတွက် ပူတာအိုဒေသမှာ စားသောက်ကုန်၊ စက်သုံးဆီပြတ်တောက်လာမှာကို ဒေသခံတွေ အထူးစိုးရိမ်နေကြတယ်လို့ သိရပါတယ်။

မတ်လ ၇ နေ့ကစပြီး ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ကချင်လွတ်လပ်ရေးတပ်တော် KIA က စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်နေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button