လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နောင်ကောန်(Nawng Kawn)တပ်မှ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ရှမ်းအမျိုးသမီးငယ် ၃ ဦးသေဆုံး

မြစ်ကြီးနားဗန်းမော်လမ်းမကြီးပေါ် နွမ်လန့်ကျေးရွာအနီးမှာရှိတဲ့ နောင်ကောန်(Nawng Kawn) အမြှောက်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နန်းအီ(Nang Ei) ကျေးရွာမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ တာလီ(Tar Li)ဒေသခံ ရှမ်းအမျိုးသမီးငယ် ၃ ယောက် အသက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

နွမ်လန့်ကျေးရွာရဲ့ အနောက်ဘက်ခြမ်း ၅ မိုင်အကွာလောက်မှာရှိတဲ့ နောင်ကောန်ကျေးရွာမှာရှိတဲ့ အမြှောက်တပ်ကနေ မန်နောင်နဲ့ နန်းအီ ဘက်ကို မတ်လ ၁၁ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်ခဲ့ရာ နန်းအီကျေးရွာအလယ်မှာ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်မှုရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နောင်ကောန်အမြှောက်တပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နန်းအီမှာ လာရောက်တိမ်းရှောင်နေတဲ့ ရှမ်းအမျိုးသမီးငယ် ၃ ယောက်သေဆုံးသွားတဲ့ပြင် နေအိမ်တစ်လုံး၊ စပါးကျီတစ်ခုနဲ့ နွာတင်းကုတ် တစ်ခု မီးလောင်ပျက်စီးသွားတယ်လို့ နွမ်လန့်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ နွမ်လန့်ရွာနဲ့ အတူ နန်အီဘက်ကို တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဖြစ်တယ်။ မနေ့က နောင်ကောန်တပ်စခန်းကနေ လက်နက်ကြီး ၂ လုံးပစ်လိုက်တယ်။ အဲဒီ ၂ လုံး စလုံးက နန်အီရွာအလယ်ထဲမှာပဲ ကျတယ်။ အမျိုးသမီးငယ် ၃ ယောက်က အဲ့နေရာမှာပဲ ပွဲရှင်းပြီးဆုံးသွားတယ်။ ၃ ယောက်စလုံးက ဖုန်းထိုင်သုံးနေတဲ့ အချိန်မှာ လက်နက်ကြီးကျပေါက်ကွဲသွားတယ်လို့ ပြောပြတယ်လို့ပြောပါတယ်။

စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီး ၂ လုံးဟာ နန်းအီရွာထဲမှာရှိတဲ့ ဦးညီထွေးဆိုသူနဲ့ ဦးသောင်းရွှေ စတဲ့ နေအိမ် ၂ ခုမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဦးသောင်းရွှေရဲ့ နေအိမ်က တစ်စစီပျက်စီးသွားပြီးတော့ ဦးညီထွေးရဲ့ နေအိမ်က စပါးကျီနဲ့ နွားကုတ် ၂ ခုစလုံးပျက်စီးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ရှမ်းအမျိုးသမီးငယ် ၃ ယောက်ဟာ အတူရှိနေတဲ့ တစ်ချိန်ထဲမှာပဲ လက်နက်ကြီး ကျပေါက်ကွဲခဲ့ တာကြောင့် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီသေဆုံးသွားတဲ့ တာလီကျေးရွာက ရှမ်းအမျိုးသမီးငယ် ၃ ယောက်မှာ ၁၅ နှစ်အရွယ် မလန်းရင်၊ အသက် ၁၄ နှစ်အရွယ် မကိန်းဆွမ်နဲ့ အသက် ၁၉ နှစ်အရွယ် မလောမိုင် တို့ဖြစ်ကြပါတယ်။

လက်နက်ကြီးပစ်ခတ်ခံရပြီးသေဆုံးမှုမှာ နန်အီဒေသခံပြည်သူတွေက ထိခိုက်မှုတစ်စုံတစ်ရာမရှိပေမယ့်လည်း တိုက်ပွဲကြောင့် လာရောက်တိမ်းရှောင်နေကြတဲ့ တာလီဒေသခံ အမျိုးသမီးငယ် ၃ ယောက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာနေတဲ့ နေရာဘက်ကို မဟုတ်ဘဲ ပြည်သူတွေ တိမ်းရှောင်နေတဲ့ နေရာဆီးကို ရည်ရွယ်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် အခုလို အပြစ်မဲ့ပြည်သူတွေ သေဆုံးမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

လက်ရှိ စစ်ရှောင်တွေတိမ်းရှောင်နေကြတဲ့ နန်အီနဲ့ မန်နောင် ကျေးရွာတွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေါ့ဖုန်းယန်၊ နွမ်လန့် တို့နဲ့ ၁၀ မိုင်လောက်အကွာမှာရှိတဲ့ မုန်လိုင်ခမြစ်ကမ်းတစ်ကြောမှာ တည်ရှိကြတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ဒေါ့ဖုန်းယန် ဟန်းဂိုင်ဘွမ့် ခလရ ၁၄၂ ၊ နွမ့်လန့် ၊ ကုန်းလော၊ မြို့သစ် ၊ ဒါဆိုင်းနဲ့ KIO လိုင်ဇာအနီးမှာ ရှိတဲ့ ခယာဘွမ့်၊ ဖွန်းပရန်ဘွမ့်၊ အင်တပ့်ဘွမ့်၊ ဘွမ့်ရေဘွမ်နဲ့၊ လဝါယန် စတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဒီကနေ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ နေ့စကပြီး ဒေါ့ဖုန်းယန်၊ နွမ်လန့်၊ ကုန်းလော၊ တာလီ၊ တောပေ၊ နမ်ဒိန်၊ ဂျေခပ့်၊ မြို့သစ်၊ ဖြိုးခိုင်၊ မားခွင်၊ လွယ်ဂျယ်၊ ဖတ်ဂီနဲ့ ပန်ကောင်းမှူး စတဲ့ ကျေးရွာနေ ပြည်သူထောင်ချီ မန်နောင်နဲ့ နန်အီကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button