တိုက်ပွဲသတင်း

ကသိုဏ်းတောင်(Kasen Bum)တပ်စခန်းကို KIA က အပြီးသတ်ရှင်းလင်း

ဖားကန့်ဒေသမှာ ဆယ်စုနှစ်တစ်ခုအကြာတပ်စွဲထားတဲ့ စစ်တပ်စခန်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဆိုင်းတောင်အုပ်စု နမ်မှော်ကျေးရွာမှာရှိတဲ့ ကသိုဏ်းတောင်(Kasen Bum) စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်လိုက်ပြီး ဒီကနေ့မှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်လိုက်ပြီလို့ သိရပါတယ်။

KIA နဲ့ KPDF ပူးပေါင်းတပ်တွေက တာမခံတပ်စခန်းသိမ်းပိုက်အပြီး မတ်လ ၁၁ နေ့ ညနေပိုင်းပိုင်းလောက်မှာ ကသိုဏ်းတောင်တပ်စခန်းကို ထပ်မံပိတ်ဆို့တိုက်ခိုက်လာချိန်မှာဘဲ စစ်ကောင်စီတပ်သားတွေက တပ်စခန်းကနေ ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက်က KNG ကို ပြောပါတယ်။

ဒီမနက်မှာ ယူလို့ရတဲ့ဟာတွေယူ မီးရှို့စရာရှိတဲ့ဟာတွေ အကုန် ရှင်းလင်းလိုက်ပြီးတဲ့။ သေဆုံးတာကသိပ်မရှိဘူးလို့ ပြောတယ်။ တာမခံသိမ်းလိုက်တာနဲ့ ထွက်ပြေးဖို့ပြင်နေကြတယ်လို့ သိရတယ်။ တာမခံအပြီး ပြန်တိုက်လာတာနဲ့ အကုန်ထွက်ပြေးသွားကြတယ်လို့ ကြားတယ်။ လက်နက်ပစ္စည်းတွေလည်း သူတို့သိမ်းလို့မနိုင်တဲ့ဟာတွေ ပဲကျန်ရစ်နေတာပဲရှိတယ်တဲ့။ အဲဒါတွေက အကုန်သိမ်းယူလိုက်ပြီလို့ပြောပါတယ်။

ကသိုင်းတောင် (Kaseng Bum)၊ ဓါတ်ပုံ – Jangmaw Nawng Lat

ကသိုဏ်းတောင်တပ်စခန်းသိမ်းပိုက်မှုမှာ KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်လာတာနဲ့ စစ်ကောင်စီတပ်တွေက တပ်စခန်းအတွင်းကနေ ထွက်ပြေးသွားကြတာဖြစ်တဲ့အတွက် ထိခိုက်သေဆုံးမှုနည်းပါးပြီး တပ်စခန်းအတွင်းထဲမှာ သေဆုံးနေတဲ့ ရုပ်အလောင်းတစ်ခုသာတွေ့ရှိရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာလည်း ကသိုဏ်းတောင်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ပထမအကြိမ် သိမ်းပိုက်နိုင်ခဲ့တာရှိပြီး တပ်စခန်းအတွင်းရှင်းလင်းရေးတွေလုပ်ဆောင်ပြီးတော့ စစ်ရေးအရအမြန်လည်ဆုတ်ခွာသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် အခု ဒုတိယအကြိမ် ထပ်မံသိမ်းပိုက်နိုင်တာဟာ ကချင်ပြည်နယ်တစ်ခုလုံး စခန်းသိမ်းတိုက်ပွဲအဖြစ် သိမ်းပိုက်နေတာကြောင့် လက်ရှိမှာ ကသိုဏ်းတောင်တပ်စခန်းကို KIA က အပြီးသတ်ထိန်ချုပ်ထားနိုင်တာဖြစ်တယ်လို့ သူကဆက်ဆိုပါတယ်။

မနှစ်တုန်းက သိမ်းပိုက်တာနဲ့ အခုသိမ်းပိုက်လိုက်တာမတူတော့ဘူး။ တာမခံတပ်စခန်းရပြီးတာနဲ့ ကသိုဏ်းတောင်ကို ပြန်သိမ်းလိုက်နိုင်တာက ဒီနားတဝိုက်အကုန်ထိန်းချုပ်လိုက်ပြီပြောလို့ရပြီ။ ပြီးရင် အခုတိုက်ပွဲက ဗဟိုကနေ ညွန်းကြားပြီးလုပ်ဆောင်တာဖြစ်တဲ့အတွက် ပြန်ဆုတ်ခွာပေးဖို့မဟုတ်တော့ဘူး။ စစ်တပ်ဘက်ကလည်း အင်အားအရမ်းနည်းသွားပြီ။ အဲ့ဒါကြောင့် အရမ်းကြီး တန်ပြန်တိုက်ဖို့ သိပ်မလွယ်တော့ဘူးလို့ပြောပါတယ်။

KIA ဒုတိယအကြိမ် ထပ်မံသိမ်းပိုက်လိုက်တဲ့ ကသိုဏ်းတောင်တပ်စခန်းဟာ တာမခံနဲ့ ဆယ်ဇင်းသွားလာရေးအတွက် အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်သလို ဖားကန့် နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းဘက်ကအဓိဆက်သွယ်ထားတဲ့ လမ်းကြောမှာ တည်ရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။

ကသိုဏ်းတောင်တပ်စခန်းဟာ လွန်ခဲ့တဲ့ ၂၀၁၁ နောက်ပိုင်း လာရောက်တပ်စွဲထားတာဖြစ်ပြီး အဲဒီတပ်စခန်းနေရာကနေ ဖားကန့် တာမခံ၊ ဆယ်ဇင်း တစ်ကြောကို အဓိကလုံးခြုံရေးပေးနေတဲ့ တပ်စခန်းဖြစ်တာကြောင့် စစ်ရေးအရ စစ်တပ်ရဲ့ ဗျူဟာမြောက်တဲ့ တပ်စခန်းတစ်ခုဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်တွေက ၁၀ ရက်ကျော်အတွင်းမှာပဲ ဖားကန့် ဒေသမှာ စစ်တပ်ရဲ့ ဗျူဟာမြောက် တာမခံတပ်စခန်းနဲ့ ကသိုဏ်းတောင်တပ်စခန်း  နေရာကို သိမ်းပိုက်လိုက်နိုင်တာဖြစ်ပြီး တာမခံဒေသတစ်ခုလုံးကို KIA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကနေ KIA ပူးပေါင်းတပ်တွေက ဝှေခါတပ်စခန်းနဲ့ ဖားကန်သွားလမ်းမပေါ်မှာရှိတဲ့ နမ်တိန့် တပ်စခန်း  နေရာကို အရင်သိမ်းပိုက်ထားနိုင်ပြီးတော့ လက်ရှိမှာ တာမခံနဲ့ ကသိုဏ်းတောင်တပ်စခန်းကို ထပ်မံသိမ်းလိုက်တာလည်းဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ ဖားကန့်ဒေသကို စစ်ရေးအရ KIA ပူးပေါင်းတပ်တွေက မြို့ပြင် တဝိုက်အားလုံးနီးပါးလောက်ကို KIA က ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေတစ်ခုမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button