သတင်း

စန်းကားကျေးရွာအနီးက ခန်လုံးတံတားကို စစ်တပ်ကဖောက်ခွဲဖျက်ဆီး

ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာနဲ့ ရွာပေါင်း ၂၀ ဝန်းကျင် မှီခိုသွားလာနေတဲ့ ခန်လုံးတံတား(Hkang Lung mahkrai) ကို စစ်ကောင်စီတပ်ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်လို့ အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။

မတ်လ ၁၉ မနေ့ညပိုင်း စန်းကားကျေးရွာအနီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က အဲ့ဒီတံတားကို ဖောက်ခွဲဖျက်ဆီးလိုက်တာဖြစ်တယ်လို့ စန်းကားဒေသခံတွေပြောပါတယ်။

ရွာအနီး တိုက်ပွဲအရင်ဖြစ်တယ် မနေ့ညဖြစ်တဲ့ တိုက်ပွဲမှာ စစ်တပ်က အထိနာတယ် ပြောတာပဲ ဒါကြောင့် ထင်တယ်။ တိုက်ပွဲဖြစ်ပြီး သိပ်မကြာဘူး ပေါက်ကွဲသံကြားတယ်။ ကျမတို့က တိုက်ပွဲဖြစ်တာနဲ့ ပြန်ပြေးသွားတာ။ မနက်ကျမှ စစ်တပ်က စန်းကားရွာအောက်ပေါ့ အဲဒီ ခန်လုံး(Hkanglung mahkrai)တံတားကို ဖောက်ခွဲလိုက်ပြီဆိုတာ ပြန်သိရတယ်စန်းကားဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

အဲဒီတံတားဟာ စန်းကားကျေးရွာရဲ့ အောက်ဘက်  မိုင်လောက်အကွာမှာရှိပြီး အင်လုံခချောင်း(Nlung hka)ကိုဖြတ်ပြီးတည်ဆောက်ထားတဲ့ ချောင်းကူးတံတားဖြစ်ပါတယ်။

အဲ့ဒီတံတားနီးမှာ စင်ကြိုင်အမည် တစ်ရှူးငှက်ပျောအလုပ်ရုံကုမ္မဏီတစ်ခုရှိပြီး မနေ့ည တိုက်ပွဲဖြစ်ပွားချိန် အလုပ်ရုံထဲကို လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အလုပ်သမား  ဦးလည်း ထိခိုက်သေဆုံးမှုရှိခဲ့သလို အလုပ်ရုံအဆောက်အဦးတချို့ မီးလောင်သွားတယ်လို့ ဆက်လက်သိရပါတယ်။

လက်ရှိ စစ်တပ်ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ တံတားရဲ့ အောက်ဘက်တစ်ဖက်ခြမ်းမှာ ဒေသခံပြည်သူတွေရဲ့ လယ်ယာ၊ ခြံတွေနဲ့ စိုက်ပျိုးအခင်းတွေများစွာရှိပြီး ရွာသားတွေ ပုံမှန် သွားလာလှုပ်ရှား အားကိုးနေရတဲ့ ရွာချင်းဆက် တံတားတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဒီတံတားဟာ ဧရာ၀တီမြစ်ကမ်းဘေး ခတ်ချိုရွာ၊ နောင်ဟီးရွာနဲ့ စန်းကားကျေးရွာ၊ ခန်လုံးရွာ ( Hkanglung)  လောဆာရွာ၊ တာစန်း (Da jang)  မိုင်းမော စတဲ့ကျေးရွာတွေအပါအဝင် ရွာပေါင်း ၂၀ ဝန်းကျင်က အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပုံမှန် သွားလာ အားထားနေတဲ့ ချောင်းကူး ကွန်ဂရစ်တံတားတစ်ခုလည်း ဖြစ်ပါတယ်။

အခုလို ဒေသခံပြည်သူတွေ အားကိုးပြီး ဖြတ်သန်းသွားလာနေတဲ့ တံတားကို စစ်တပ်ကဖျက်ဆီးလိုက်တာဟာ အဲ့ဒီအနီးနားတဝိုက်က ဒေသခံပြည်သူတွေအတွက် အခက်အခဲ  ဒုက္ခကြုံတွေ့စေပြီလို့ ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

အဲ့ဒီလမ်းက ရွာခံတွေ ခြံသွား၊ လယ်သွား၊ တောင်ယာသွား စသဖြင့် သွားလာနေတဲ့လမ်းဖြစ်တယ်။ အဲဒီတံတားရှိခြင်းကြောင့်သာ သွားလာရေးအဆင်ပြေနေတာ။ မဟုတ်ရင် ဟိုးမြစ်ကနေ ခက်ခက်ခဲခဲစက်လှေနဲ့သွားရတာ။ အခုတံတားပျက်သွားတော့ တော်တော်ဒုက္ခရောက်ပြီ။ ရွာချင်းဆက်ထားတဲ့ တံတားဆိုတော့ အောက်ဘက် ကျေးရွာသေးသေးလေးတွေ များတယ်။ အားလုံးက ခြံလုပ်၊ လယ်လုပ်၊ အခင်း၊တောင်ယာ အားလုံးက တံတားဟိုဘက်မှာပဲ လုပ်ကြတာ။ တံတားပြန်မလုပ်ပေးမချင်းတော့ တော်တော်အခက်အခဲဖြစ်သွားပြီ။” ဟု သူကပြောပါတယ်။

ဒါ့အပြင် အဲဒီအနီးနားတဝိုက် တရုတ်သစ်ရှူးငှက်ပျောခြံအမြောက်အများရှိပြီး သစ်ရှူးငှက်ပျောတင်ကားတွေလည်း ပုံမှန်ဖြတ်သန်းသွားလာနေတဲ့ လမ်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဒီ စန်းကား– ခန်လုံး(Hkanglung) တံတားကို ဖောက်ခွဲ ဖျက်ဆီးလိုက်တာနဲ့ အဲ့ဒီအနီးနားတဝိုက် KIA နဲ့ PDF တွေ လှုပ်ရှားသွားလာလို့မရအောင် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဒေသခံအမျိုးသားက အခုလို သုံးသပ်ပါတယ်။

ဒီလိုဖောက်ခွဲလိုက်တဲ့သဘောက KIA/PDF တွေ အမြန်ဒီဘက်ခြမ်ကို လာလို့မရအောင်ဖြစ်နိုင်တယ်။ အင်လုံခ ဟိုဘက်ကမ်း တာလောကြီးဘက်က KIA/PDF တွေ နေရာယူ လှုပ်ရှားနေတဲ့သတင်း သူတို့သိတော့ ဒီဘက်ကို လှုပ်ရှားလာပြီး ဝင်လာလို့မရအောင် တံတားကို ဖောက်ခွဲလိုက်တယ်လို့ မြင်တယ်။” ဟု သူကပြောပါတယ်။

ဧရာ၀တီနောက်ဘက်ခြမ်း ဝိုင်းမော်မြို့နယ် အောင်မြေ   အောင်မြေ  နဲ့ ရွှေညောင်ပင် တစ်ကြော စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ပြီးခဲ့တဲ့ မတ်လ  ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာလျက်ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် စန်းကားကျေးရွာနေပြည်သူအများပိုင်းကတော့ လက်ရှိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေပြီ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button