တိုက်ပွဲသတင်း

ကောလင်းနဲ့ဝန်းသိုမှာ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှုရှိနေ

စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်နဲ့ဝန်းသိုမြို့နယ်တွေမှာ မတ်လ ၂၁ ရက်နေ့စပြီး စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းခွဲပြီး စစ်ကြောင်းပတ်ထိုးနေသလို ကာကွယ်ရေးတပ်တွေနဲ့လည်းထိတွေ့မှုတွေဖြစ်ပွား တာတွေရှိတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။

နှစ်ဖက်ထိတွေတိုက်ပွဲမှာ  ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက်သေဆုံးခဲ့သလို အရပ်သားတစ်ယောက်လည်းသေဆုံးခဲ့ရတယ်လို့ Kawlin Revolution-KR က သတင်းထုတ်ပြန်ထားပါတယ်။

ကောလင်းမြို့ရဲ့အနောက်ခြမ်းနဲ့ ဝန်းသိုဘက်ကို စစ်ရေးလှုပ်ရှားတယ် ကျနော်တို့ဘက်ကလည်း ပြောက်ကျားသဘောမျိုးတိုက်ခိုက်တာတွေရှိတယ်လို့ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက်က အတည်ပြုပါတယ်။

တိုက်ပွဲကတော့ ကောလင်းမြို့နယ် အနောက်ခြမ်း မင်းကုန်း၊ ဖန်းခါးခုံရွာနဲ့ ပန်းတင်ရွာတွေမှာ ရက်ဆက်ဖြစ်ပွားနေတာဖြစ်ပြီးတော့ ကောလင်းခရိုင်တပ်ရင်း ၂ နယ်မြေဘက်က  အရပ်သားနှစ်ယောက်သေဆုံး ခဲ့ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ဒေသခံတွေစစ်ရှောင်နေတဲ့နေရာတွေကို ဒရုန်းသုံးပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ပန်းတင်ရွာက အရပ်သားတစ်ယောက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတဲ့အခါ ရွာတွေကို ဒရုန်းတွေနဲ့အရင်လွှတ်ပြီးကြဲပြီးတော့ ရွာထဲက အရပ်သားတွေကလည်းပြေးကြရတယ် မပြေးနိုင်တဲ့သူတွေကတော့ ဗုံးကြဲတာကို ခံရတာပါလို့ဒေသခံတစ်ယောက်ကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၂၀၀ လောက်အသုံးပြုပြီး စစ်ရေးလှုပ် ရှားနေတာဖြစ်ပြီး ဝန်းသိုမြို့နယ်ထဲက ခလရ ၁၂၀ တပ်ဖွဲ့တွေနဲ့ တပ်မ ၁၁ တပ်ဖွဲ့တွေဖြစ်တယ်လို့ Kawlin Revolution-KR က သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ ၂၁ ရက်နေ့ ဝန်းသိုမြို့နယ်ထဲက အာမခံရွာထဲဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့လို့ နေအိမ် ၁၀ လုံးမီးလောင်ပျက်ဆီးခဲ့ရပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ အရပ်သားနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ကြပြီး မတ်လ ၁၆ ရက်နေ့ကဆိုရင် ကောလင်း မြို့နယ် မြေနီရွာတစ်ရွာလုံးမီးလောင်ပျက်ဆီးခဲ့ရသလို ညောင်ကိုင်း နဲ့ ဆည်တို ရွာတွေက နေအိမ် တစ်ချို့လည်းမီးရှို့ဖျက်ဆီးခံခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကလည်း ကောလင်းမြို့နယ် အရှေ့ခြမ်းမှာလည်း နှစ်ဖက်တပ်တွေ အကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ဘေးရှောင်အရပ်သားတွေ ထပ်ဆင့်စစ်ဘေးရှောင်ရတဲ့ အခြေနေတွေရှိတယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button