ပူတာအိုမှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန်ပြတ်လပ်စပြုလာ

ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်ပြတ်လပ်စပြုလာနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၈ ရက်နေ့ကစ ကချင်လွတ်လပ်ရေးတပ်မတော် KIA မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေကြောင့် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ ခုဆိုရင်ရက်ပေါင်း ၂၀ ကြာမြင့်လာပြီး ပူတာအိုဘက်ကို ဆီကားအဝင်ရပ်တန့်နေတာကြောင့် စက်သုံးဆီပြတ်စပြုနေပြီဖြစ်တယ်လို့ ပူတာအိုမြို့အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ဆီချို့ဆီဆိုင်တွေမှာတော့ ဆီတွေပြတ်နေပြီ တန်ဂူးတန်ဆိုင်တို့ဆိုဆီမရတော့ဘူး ၂ရက်သုံးရက်ရှိပြီ တိုင်းကျော်နဲ့ ဇေယျာမင်းမှာတော့ မနက်ပိုင်းခနပဲရောင်းပေးတယ် လိုသလောက်မရဘူး တနေကုန်ဆိုင်ပိတ်ထားတယ်”လို့ သူကပြောပါတယ်။
လက်ရှိ ပူတာအိုမြို့ပေါ်က ဆီပန့်ဆိုင်ကြီးတွေဖြစ်တဲ့ တိုင်းကျော်၊ ဇေယျာမင်း၊ Petro 7 ၊ BTK ၊ တိုင်တည်တန့် နဲ့ အခြားဆီးပန့်ဆိုင်ကြီးတွေအားလုံးနီးပါးမှာဆီပြတ်လပ်စပြုနေပြီလို့ ဆီကိုအကန့်သတ်နဲ့သာဝယ်ယူနေရတဲ့အခြေနေမှာရှိနေတယ်လို့ သိရပါတယ်။
“တချို့ဆီဆိုင်တွေ တချို့ကမဖွင့်တော့ဘူးလောလောဆယ် တိုင်းကျော်နဲ့ ဇေယျာမင်းတို့မှာ မနက် ၉နာရီ ခွဲလောက်ထိ ဆိုင်ကယ်တစ်စီးကို ငါးထောင်ဖိုးအတိပဲထည့်ပေးတယ် ကားဆီဆိုရင်တော့ ၂၀၀၀၀ ထိလားရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိ တိုင်းကျော်နဲ့ဇေယျာမင်းဆိုင်မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၄၀၀၀ အထိရှိပြီး လမ်းဘေးပုလင်းချိန်ဆိုင်မှာ တစ်ပုလင်းကျပ် ၅၀၀၀ အထိရောင်းပေမယ့် လိုသလောက်မရနိုင်ဘဲ အကန့်အသတ်နဲ့သာရောင်းချပေးတယ်လို့သိရပါတယ်။
ဒါ့အပြင် ပူတာအိုဒေသဘက်ကိုဆီကားတွေအဝင်ရပ်တန့်နေတဲ့အပြင် ကုန်ကားတွေလည်း အဝင်လည်းမရှိတော့တာကြောင့် ကုန်းစျေးတွေလည်းအဆမတန်မြင့်တက်နေသလို စားသောက်ပြတ်လပ်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ခရမ်းချဥ်သီးတို့က ဘယ်ဆိုင်မှာမှဝယ်မရတော့တာ ၄ရက် ၅ရက်လောက်ရှိပြီ။ ကြက်ဥက ပထမတစ်လေးလုံး ၅၀၀၀ အထိတက်တာ အခုက သုံးလုံး ၅၀၀၀ တောင်ဖြစ်သွားပြီ ဆားက တစ်ထုတ်ပ်ကို ၁၀၀၀ ကျော်နေပြီ အောက်ပိုင်းငါးဆိုရင်တစ်ပိသာ ၄၀၀၀၀ ကျော် ၅၀၀၀၀ ထိရှိတယ် တစ်ကောင်ကို ၁၀၀၀၀ တဲ့ဒေသငါး”လို့ပူတာအိုမြိုခံ စျေးသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပူတာအ်ို မြစ်ကြီးနား ကားလမ်းပိုင်းမှာရှိတဲ့ ဆွမ်မရာဘွမ်မြို့နယ်ထဲမှာ မတ်လ ၈ ရက်နေ့ညပိုင်းကတည်းက တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိ အချိန်ထိ ဆွမ်ပရာဘွမ်မြို့ကို KIA ၊KPDF မဟာမိတ်တပ်တွေက သိမ်းပိုက်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
မြစ်ကြီးနား ပူတာအိုကားလမ်းပိုင်းကို နှစ်ဖက်တပ်တွေက မတ်လ ၈ ရက်နေ့ ည ၄ နာရီအချိန်ခန့်ကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။
By – Zaw Zaw