တိုက်ပွဲသတင်း

ဗန်းမော်-လွယ်ဂျယ်လမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA တိုက်ခိုက်

မိုင်ဂျာယန်ဒေသခံများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ

ဗန်းမော်- လွယ်ဂျယ်သွားလမ်းမှာရှိတဲ့ စစ်တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့မနက် ၆ နာရီ ဝန်းကျင်ကနေ ဝင်ရောက်တိုက်ခိုက်နေပြီး စခန်း ၄ ခုထပ်မနည်း သိမ်းဆည်းထားတဲ့အပြင် တိုက်ပွဲဆက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ လွယ်ဂျယ်နဲ့ မိုင်ဂျာယန်ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၇ ရက်နေ့ ဒီကနေ့ မနက် ၆ နာရီဝန်းကျင်ကနေ ဗန်းမော်- လွယ်ဂျယ်သွားလမ်းမှာရှိတဲ့ ယော်ယုံ (Yaw Yung) တပ်စခန်း၊ စိန်လုံတပ်စခန်းအပါအဝင် ရှေ့တန်းကျတဲ့စခန်းတွေကို KIA ဘက်ကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး နေ့လည် ၁၁ နာရီဝန်းကျင်မှာတော့ ဘန်ယောင်း၊ ဖန်လန်း၊ ရှန်တိုင်၊ လော့မွန်တပ်စခန်းတွေကို သိမ်းပိုက်ရရှိထားကာ ယော်ယုံတပ်စခန်း နဲ့ စိန်လုံတပ်စခန်းကိုဆက်ပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“ခုလောလောဆယ်က ၂ ခုရထားပြီလို့ သိရတယ်။ စိန်လုံနဲ့ယော်ယုံဆက်တိုက်နေတုန်း မနက်ကရော နေ့လည်ကရော လေယာဉ်နဲ့ ယော်ယုံမှာတော်တော်လေး လာပစ်သွားတာတော့ရှိတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းနဲ့ ယော်ယုံဘွမ်ဘက်ကို ၂ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ပြီး ယော်ယုံဘွမ်စစ်ကောင်စီတပ်ကလည်း မိုင်ဂျာယန်ဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် မိုင်ဂျာယန်မြို့တွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်စခန်း ထိုးစစ်ဆင်ခံရတာနဲ့တစ်ပြိုက်နက် စစ်ကောင်စီတပ်တွေဟာ မိုင်ဂျာယန်ဘက်ကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတာကြောင့် မိုင်ဂျာယန်မြို့အတွင်းနဲ့ တရုတ်ပြည်ဘက်ခြမ်းကို ကျရောက်ပေါက်ကွဲတာလည်းရှိခဲ့တယ်လို့ မိုင်ဂျာယန်ဒေသခံတွေက ပြောပါတယ်။

“မနက် ၆ နာရီကတည်းကနေ မိုင်ဂျာယန်ဘက်ကို လက်နက်ကြီးကျတယ် ယော်ယုံဘွမ် (Yaw Yung Bum ) ကနေ ပစ်နေတာ လောလောဆယ် ကျနော်တို့မိုင်ဂျာယန်က ဒေသခံအများပိုင်းကတော့ ဘေးလွတ်ရာကိုရှောင်နေပြီ။တရုတ်ပြည်ဘက်လည်း လက်နက်ကြီးကျတာရှိတယ်လို့တော့ပြောတယ် ခုလောလောဆယ်က လေယာဉ်ခနနလာဝဲနေတော့ အသေးစိတ်မသိရဘူး ”လို့ ပြောပါတယ်။

ယောယုံဘွမ်ဟာ ဗန်းမော် နဲ့ လွယ်ဂျယ်လမ်းမပေါ်မှာတည်ရှိပြီး KIO ရဲ့ မိုင်ဂျာယန်မြို့ကို ခြိမ်းခြောက်နေတဲ့ တပ်စခန်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာလည်းစစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုင်ဂျာယန် ရပ်ကွက် ၅ နဲ့ မိုင်ဂျာယန်ကောလိပ်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့ဖူးပါတယ်။

မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်းနဲ့အရှိန်မြင့်တက်လာနေပြီး KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတစ်ဝိုက်မှာ စစ်တပ်ကင်းစင်နယ်မြေ ဖြစ်သွားပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ ဗန်းမော်ခရိုင်လည်းဖြစ် စစ်ကောင်စီ စကခ ၂၁ တပ်ထိုင်တဲ့ ဗန်းမော်မြို့အနီးကို တိုက်ပွဲတွေ ဦးတည်နေပြီး ဗန်းမော်ဒေသခံတွေဟာ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ စစ်ဆင်ရေး ရက်ပေါင်း ၂၀ ကျော်အတွင်း စခန်းပေါင်း ၄၀ ကျော်သိမ်းပိုက်ရရှိထားလို့ သိရပါတယ်။

Show More

Related Articles

Back to top button