လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဂျန်မိုင်ရွာမှာ စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲလို့ အရပ်သား ၅ ဦးသေဆုံး၊၂ ဦးဒဏ်ရာပြင်းထန်

မံစီမြို့နဲ့ လွယ်ဂျယ်ကြားမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ၅ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်ရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မံစီလွယ်ဂျယ်သွားလမ်း အင်ဘာပါမရောက်ခင်က ဂျန်မိုင်ကျေးရွာ ယာဉ်ရပ်နားရာနေရာမှာ  ဧပြီလ ၁ ရက်နေ့ ဒီနေ့ မနက် ၁ နာရီခွဲလောက်မှာ စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ယာဉ်မောင်းသူတွေနဲ့အရပ်သားတွေ ထိခိုက်သေဆုံးရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၅ ယောက်သေတယ် ၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်တယ်။ ကားသမားတွေနဲ့ စပယ်ရာတွေနဲ့ အရပ်သားတွေဖြစ်တယ်။ အဲ့ဒီနေရာက အမြဲခရီးပြည်သူတွေ ကားသမားတွေရပ်နားပြီး ညအိပ်တဲ့နေရာဖြစ်တယ်လေ။ ကားတွေ ဘယ်လောက်ထိ ထိတယ်တော့မသိရဘူး။ လေယာဉ်ဗုံးနဲ့ မြေကြီးတောင် တော်တော်ခွက်သွားတယ်ဟုမံစီဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်တပ်လေကြောင်းနဲ့ဗုံးကြဲလို့ ကုန်ကားမောင်းသူကားသမား ၅ ဦးဟာ ပွဲချင်းပြီး‌သေဆုံးခဲ့ရတာဖြစ်ပြီး နောက်ထပ်ကျန် ၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်ရရှိထားကာ အသက်အန္တရယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

မတ်လ ၃၁ ရက်‌ မနေ့ညက စိန်လုံတောင် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဝင်ရောက်တိုက်ခိုက်ချိန် စစ်တပ်ဘက်ကအထိနာလို့ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဒါပေမယ့် စစ်ကောင်စီတပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုဟာ တိုက်ပွဲဧရိယာမှာသာမဟုတ်ဘဲ အရပ်သားတွေ‌နေထိုင်တဲ့ရွာတွေအထိ ပစ်မှတ်ထား ဗုံးကြဲခဲ့တာကြောင့် ခုလိုထိခိုက်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ စစ်တပ်ဗုံးကြဲခဲ့တဲ့ ဂျန်မိုင်ကျေးရွာဟာ မံစီမြို့ အောက်ဘက် အင်ပါဘာဘက်သွားလမ်းပေါ် ခရီးသည်တွေ ကုန်ကား ၊ ကုန်သည်တွေ ပုံမှန် ယာဉ်ရပ်နားရာ နေရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေရာက  ကုန်သည်တွေ သွားသွားလာလာ ညအိပ်ရပ်နားတဲ့နေရာဖြစ်တယ်။ မံစီကနေ သွားရင် ဒိန်ဆင်းပါမရောက်ခင်က ဂျန်မိုင်ရွာငယ်ဖြစ်တယ်။ သစ်ကားတွေ ကားကြီးတွေ အမြဲသွားလာပြီး ယာဉ်ရပ်နား ညအိပ်တဲ့နေရာတစ်ခုဖြစ်တယ်။ ဟု သူမက ဆက်ပြောပြပါတယ်။

မိုးမောက်နဲ့ လွယ်ဂျယ်ကြား စစ်ကောင်စီရဲ့ သက်တမ်းကြာ မဟာဗျူဟာစခန်းကြီးကို ဧပြီ ၁ ရက်နေ့ ဒီနေ့နံနက်မှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။

စိန်လုံတောင်စစ်ကောင်စီစန်းကြီးကို သိမ်းပိုက်ပြီး မိုးမောက်မြို့ဘက် စစ်ရေးအခြေအနေတင်းမာနေတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က လေကြောင်းကို အားကိုးပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေမှာလည်း အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတာတွေ လုပ်ဆောင်လာနေကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button