တိုက်ပွဲသတင်း

လွယ်ဂျယ်ဒေသခံတွေကို ၂ ရက်အတွင်းမှာ တိမ်းရှောင်ကြဖို့ KIA ပြောဆိုထား

တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ထဲမှာ တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ၂ ရက်အတွင်း ယာယီရွှေ့ပြောင်းခိုင်းထားတယ်လို့သိရပါတယ်။

KIA ပူးပေါင်းတပ်တွေက မတ်လ ၂၇၊ ၂၈ နှစ်ရက်အတွင်း လွယ်ဂျယ်မြို့ကို ဝိုင်းရံထားတဲ့ ယော်ယုံဘွမ့်(Yaw Yung Bum)နဲ့ မဒါဘွမ့်(Mada Bum) တပ်စခန်း ၂ ခုအပါ တပ်စခန်း ၅ ခုခန့်ကို သိမ်းပိုက်ထားပြီးနောက် မတ်လ ၂၉ ရက်နေ့မှာ လွယ်ဂျယ်မြို့ကို သိမ်းပို့ရန်အတွက် ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို ဆုတ်ခွာသွားဖို့ သတိပေးပြောဆိုထားတာဖြစ်ပါတယ်။

ဒါပေမယ့် လွယ်ဂျယ်မြို့တွင်းမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက တပ်ဆုတ်သွားတာမျိုးမရှိဘဲ KIA တပ်တွေက မတ်လ ၃၁ နေ့နဲ့ ဧပြီလ ၁ ရက်နေ့အထိ လွယ်ဂျယ်ဒေသခံတွေကို ယာယီခဏတိမ်းရှောင်နေကြဖို့ ပြောဆိုထားတယ်လို့ လွယ်ဂျယ်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

မနေ့ကနေ ဒေသခံတွေကို ခဏရှောင်ထားခိုင်းတယ် ဒီကနေ့အထိပေါ့ အချိန်ပေးတာက ဒီကနေ့အထိတော့ ရှောင်တဲ့ သူတွေတော့ရှောင်ထားကြတယ်။ မြို့ထဲမှာက များများစားစားမရှိတော့ဘူး။ ဒီကနေ့အထိတော့ မြို့ထဲမှာ တိုက်ပွဲဖြစ်တာမျိုးတော့မရှိသေးဘူး။ KIA ဘက်ကနေ စစ်ဗျူဟာရှိလို့ ရှောင်ခိုင်းတယ်လို့ပဲမြင်ပါတယ်။ တိုက်ပွဲဖြစ်မယ် မဖြစ်ဘူးဆိုတာက မသိပါဘူးလို့ပြောပါတယ်။

KIA က ယာယီတိမ်းရှောင်နေကြဖို့ ပြောဆိုထားတာကြောင့် လွယ်ဂျယ်ဒေသခံပြည်သူ တစ်ထောင်ဝန်းကျင်လောက်က လွယ်ဂျယ်နဲ့ နီးစပ်တဲ့တောတွင်းနေရာနဲ့ ဆွတ်ငိုင်ဇွပ်၊ နမ်မွမ်၊ ရှမ်းရွာ စတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

လွယ်ဂျယ်မြို့တွင်းကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA တပ်တွေက လက်နက်သံမထွက်ဘဲ တပ်တွင်းမှ ငြိမ်းချမ်းစွာထွက်ခွာသွားကြဖို့ ညှိနှိုင်းပြောဆိုတားတွေ ၊ သတိပေးပြောဆိုထားတာရှိပေမယ့် ဒီကနေ့ ဧပြီ လဆန်း ၁ ရက်နေ့အထိ ထွက်ခွာသွားတာမျိုးမရှိဘဲ ဆက်ရှိနေသေးတာကြောင့် ပစ်ခတ်မှုတွေဖြစ်လာနိုင်တယ်လို့ ဒေသခံတွေလည်း သုံးသပ်နေကြပါတယ်။

KIA တပ်တွေဘက်ကနေ လွယ်ဂျယ်မြို့ကို ဝိုင်းရံထားပြီး ပစ်ခတ်မှုမလုပ်သေးတာဟာ တစ်ဖက်မှာ တရုတ်အစိုးက လက်နက်သံမထွက်ပေးဖို့ တာမြစ်နေတာကြောင့် လွယ်ဂျယ်မြို့ကို မသိမ်းနိုင်သေးဘဲ ကြန့်ကြာနေတာလည်းဖြစ်တယ်လို့ လွယ်ဂျယ်ဒေသခံအမျိုးသားက သုံးသပ်ထားပါတယ်။

အခုက တရုတ်အစိုးရဘက်ကနေ တားမြစ်ထားတာတွေရှိနေတယ်။ ဘာလို့လဲဆိုတော့ ဒီလွယ်ဂျယ်လမ်းက တရုတ်အစိုးရဘက်ကလည်း ရင်းနှီးမြှုပ်နှံမှုများထားတဲ့ လမ်းမကြီးတစ်ခုဖြစ်တယ်။ ပြီးရင် ကချင်ပြည်နယ်ထဲမှာ စစ်တပ်ရဲ့ စီးပွားရေးလမ်းကြောင်းအတွက်လည်း အရေးပါတဲ့ လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်။ အဲ့ကြောင့် သူတို့ကြားမှာလည်း ညှိနှိုင်းထားတာတွေအများကြီးရှိမယ်ထင်တယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ တရုတ်အစိုးရဘက်ကနေ ကချင်ပြည်နယ်ရဲ့ တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့တွေဖြစ်တဲ့ ကန်ပိုက်တည်နဲ့ လွယ်ဂျယ်အပေါက်ဝနေရာတွေမှာ ပစ်ခတ်တာတွေမလုပ်ပေးဖို့ KIO/KIA ဘက်ကိုပြောဆိုထားတာတွေရှိတယ် သိရပါတယ်။

ဒီကနေ့ ဧပြီလဆန်း ၁ ရက်နေ့မှာလည်း ဗန်းမော်လွယ်ဂျယ်လမ်းသွား လမ်းမပေါ်မှာ ကျန်ရှိနေတဲ့ စိန်လုံဘွမ့်(Sinlum Bum) ဗျူဟာတပ်စခန်းကြီးကို KIA ပူးပေါင်းတပ်တွေက မနက်ပိုင်း ၇ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ လွယ်ဂျယ်မြို့ အနီး ပတ်ပတ်လည်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားပြီး လွယ်ဂျယ်မြို့တွင်းတပ်စခန်းတစ်ခုသာကျန်ရှိနေတာဖြစ်ပြီး KIA က သိမ်းပိုက်နိုင်ဖို့ ဒေသခံပြည်သူတွေကို ယာယီတိမ်းရှောင်ခိုင်းနေတာဖြစ်ပါတယ်။

လွယ်ဂျယ်မြို့ကို လူမူကွန်ယက်စာမျက်နှာတစ်ချို့မှာ KIA သိမ်းပိုက်ထားပြီလို့ ရေးသားဖော်ပြနေကြပေမယ့် အပြီးသတ် သိမ်းပိုက်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

မတ်လ ၂၇၊ ၂၈ နှစ်ရက်အတွင်းမှာပဲ လွယ်ဂျယ်မြို့အနီးတဝိုက်မှာရှိတဲ့ ယော်ယုံဘွမ့်၊ မဒါ(ဖလန်းဘွမ့်)၊ လော့မွန်၊ ဘန်ယောက်ဘွမ့်၊ ရှန်သိုင်းဘွမ့်၊ လော့ဒန် နဲ့ ရှေ့တန်း တပ်စခန်းငယ် စုစုပေါင်း ၁၁ ခုခန့်ကို KIA က သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button