ဖမ်းဆီးခံရမှုသတင်း

ကသာမှာ အမျိုးသမီးတစ်ယောက်အပါအဝင် အရပ်သား ၃ ယောက်ထပ်ဖမ်းခံရ

စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့ ရပ်ကွက် ၂ မှာ ဒီကနေ့ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်က စစ်ကောင်စီတပ်က အမျိုးသမီးတစ်ယောက်အပါအဝင်အရပ်သား ၃ ယောက်ကိုဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကသာမြို့နယ် ရပ်ကွက် ၂ ဧရာဝတီမြစ်ကမ်းနဘေး က စည်သူ အမည်ရှိ တည်းခိုခန်းကိုဝင်ရောက်စီးနင်း  ရာကနေ အဲ့ဒီအရပ်သား ၃ ယောက်ကို ဖမ်းဆီးသွားခဲ့တာလို့ အခြေနေသိရှိသူဒေသခံအမျိုးသား တစ်ယောက်ကပြောပါတယ်။

အခြေနေက နည်းနည်းရှုပ်ထွေးနေတယ် သူတို့က မြို့ပတ်ဝန်းကျင်တွေပတ်နေတာ စည်သူတည်းခိုးခန်း မှာ ဆွဲသွားတာ အမျိုးသား၂ယောက်အမျိုးသမီးတစ်ယောက်လို့ပြောတယ် သူတို့က မနက်ကတည်းက ဆိုင်ကယ် ၁၀ စီး ကား၃စီးနဲ့ ဆင်ခြေဖုံးတွေကိုပတ်နေတာလို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အရပ်သား ၃ ယောက်ဟာ အသက် ၂၀ ကနေ ၃၀ ဝန်းကျင်အရွယ်ရှိသူတွေဖြစ်ပြီး ဘယ်သူ ဘယ်ဝါဆိုတာမသိရသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို ကသာခမရ ၃၀၉ တပ်ရင်းကိုခေါ်ဆောင်သွားပြီး ကာကွယ်ရေး တပ်ဘက်ကလို့ သတင်းတွေထွက်နေပေမဲ့ ကသာပြည်သူ့အုပ်ချုပ်ရေးဘက်က တာဝန်ရှိသူတစ်ယောက်က အခုလိုငြင်းဆိုပါတယ်။

ကျနော်တို့ကတော့ ကိုယ့်လူတော့မဟုတ်ဘူး သူတို့ဘက်ကတော့PDF လို့ထွက်လာတာ ကျနော်တို့ဘက်က ကိုယ့်ဧရိယာထဲကမဟုတ်တာသေချာတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းတဲ့ စည်သူ အမည်ရှိ တည်းခိုခန်းဟာလည်း စစ်မှုထမ်းဟောင်းတွေ ဖွင့်ထားတဲ့တည်းခိုခန်းတစ်ခုဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာ ကာကွယ်ရေးတပ်ဘက်ကမဟုတ်ဘူးလို့ ကာကွယ်ရေးတပ်ဘက်ကငြင်းဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကသာမြို့ပေါ် ဇေယျာချောင် ရပ်ကွက် ၅ က လက်ဖက်ရည်ဆိုင်က အရပ်သားတစ်ယောက်ကိုလည်း ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ ကသာခမရ ၃၀၉ ထဲမှာဖမ်းဆီးထားဆဲလို့သိရပါတယ်။

ကသာမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လုံခြုံရေးတွေတင်းကြပ်ပြီး ကင်းပတ်တာတွေရှိ သလို မကြာခဏဖမ်းဆီးမှုတွေလုပ်လာတဲ့အတွက် ဒေသခံအရပ်သားတွေအနေနဲ့ပိုပြီးသတိပြုနေထိုင်သင့် တယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button