သတင်း

စိန်လုံဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ ဗျူဟာမှူးနဲ့တပ်သား ၂၆ ဦးထက်မနည်း KIA ဖမ်းဆီးရမိ

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် စိန်လုံရွာ ဗျူဟာကုန်းက‌နေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်တွေ လိုက်လံဖမ်းဆီးရာ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ်နဲ့ တပ်သားအဆင့် ၂၆ ဦးထက်မနည်း အရှင်ဖမ်းဆီးရမိထားတယ်လို့ KIA နဲ့နီးစပ်တဲ့ မိုးမောက်ဒေသခံတွေက ပြောပါတယ်။

ဧပြီလ  ၆ ရက်နေ့ မနက် ၃ နာရီဝန်းကျင် မိုးမောက်မြို့နယ် ကျောက်စခန်းရွာဘက် ထွက်‌လာတဲ့ ဗျူဟာမှူးနဲ့အဖွဲ့ကို KIA ပူးပေါင်းတပ်တွေ လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မိုးမောက်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

ဗျူဟာမှူးနဲ့တပ်သား ၂၀ လောက်ပါတယ်သိရတယ် သူတို့ကျောက်စခန်းရွာနားမှာထွက်လာတာ KIA အဖွဲ့တွေ့လို့ လိုက်ပြီး ပစ်ခတ်ဖမ်းဆီးတာလို့ သိရတယ်လို့ ပြောပါတယ်။

ဗျူဟာမှူးနဲ့အတူ အရှင်ဖမ်းဆီးရမိတဲ့စစ်သားတွေဟာ အင်အား ၂၀ ရှိပြီး နောက်ထပ် မိုးမောက်မြို့ စိန်လုံလမ်းခွဲမှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ၂ ဦး၊ ခါနန်ရပ်ကွက်မှာ ၁ဦး၊ နောင်ပေါင်မှာ ၁ ဦး၊‌ ကြေးနန်းရပ်ကွက် ၁ ဦးဖမ်းဆီးရမိတာလည်း ရှိတဲ့အတွက် ဧပြီလ ၆ ရက်နေ့တစ်ရက်အတွင်း ဗျူဟာမှူးအပါအဝင် ဖမ်းဆီးရမိသူ ၂၆ ဦးထက်မနည်းရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၆ ရက်ညမှာလည်း မိုးမောက်မြို့တစ်ခုလုံး KIA ပူးပေါင်းတပ်တွေ အလုံးစုံသိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မိုးမောက်ဒေသခံတစ်ဦး ပြောတာကတော့မိုးမောက်မြို့ရဲ့အထက်ပိုင်းတော့ KIAပူးပေါင်းအဖွဲ့တွေအားလုံးနေရာယူထားကြပြီ မြို့ရဲ့အစွန် ၄၃၇ တပ်တော့ လာမထိကြသေးဘူး။ မြို့ထဲနေရာအတော်များများမှာတော့ စိန်လုံဘက်ကထွက်လာတဲ့သူတွေကို ရှင်းလင်းနေကြတယ်။ အပြီးသတ်သိမ်းတာမျိုးတော့ မဟုတ်သေးဘူးလို့ ပြောပါတယ်။

စိန်လုံဗျူဟာတပ်စခန်းကြီးဟာ မိုးမောက်လွယ်ဂျယ်လမ်းမပေါ်ရှိတဲ့ စစ်တပ်စခန်းအားလုံးအနက် အကြီးဆုံးဗျူဟာကုန်းစခန်းဖြစ်ပြီး ရဟတ်ယာဉ်ကွင်း၊လက်နက်ဂိုထောင်တွေအခိုင်အမာတည်ဆောက်ထားတဲ့စခန်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်  စစ်အင်အား ၅၀၀ ထက်မနည်းရှိတာဖြစ်ပြီး စစ်ရေးအရအရေးပါတဲ့ တပ်စခန်းကြီးဖြစ်တဲ့အပြင် နှစ်ပေါင်း ၇၀ ဝန်းကျင်သက်တမ်းရှိတဲ့စခန်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီဗျူဟာကုန်းကြီးကို  KIA ပူးပေါင်းတပ်က မတ်လ ၃၁ ရက်ညထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့  အပြီးသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

လက်ရှိမှာတော့ စိန်လုံစခန်းကြီးကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို  KIA ပူးပေါင်းတပ် လိုက်လံဖမ်းဆီးရှင်းလင်းနေတယ်လို့ သိရပါတယ်။

မတ်လ ၇ ရက်နေ့စတင်တဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်လအတွင်း စစ်တပ်စခန်းပေါင်း ၆၀ ကျော်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button