တိုက်ပွဲသတင်း

ဝူယန်မှာ KIA နဲ့ပတ်သက်တယ်လို့ဆိုပြီး နေအိမ် ၃ လုံးပြည်သူ့စစ်အဖွဲ့မီးရှို့

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့နဲ့ပတ်သက်တယ်လို့ဆိုပြီး နေအိမ် ၃ လုံးကို ဝူယန်ပြည်သူစစ်အဖွဲ့ မီးရှို့ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၅ ရက်နေ့ ဝူယန်ပြည်သူ့စစ်ဂိတ်ပစ်ခံရချိန် တစ်ဆက်တည်း ဝူယန်ပြည်သူ့စစ်ခေါင်းဆောင် ဦးငွါးဟူဆာအိမ် မီးရှို့ခံရပြီးနောက် ဧပြီလ ၇ ရက်နေ့မနက် ဝူယန်ရွာထဲက နေအိမ် ၃ လုံးမီးရှို့ခံရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကခုလိုပြောပါတယ်။

ဒီမနက်ပိုင်းတိတ်တိတ်လေး လာရှို့သွားတာတဲ့ ၃ အိမ်စလုံး တစ်ပြိုင်နက်ထဲ ရှို့ခံရတာ။ သူတို့အဖွဲ့အဲဖက်လမ်းကြားထဲဝင်သွားဝာာ ကျနော်တို့အားလုံးသိတယ် ခနအကြာတော့ မီးလောင်လာတာဘဲ ဘယ်သူမှမထွက်ရဲကြဘူး မိုးလင်း ၆ နာရီလောက်တော့ အားလုံးမီးလောင်ပြီးပြီလို့ ပြောပါတယ်။

မီးရှို့ခံရတဲ့နေအိမ်တွေဟာ ဝူယန်ကျေးရွာ နယ်မြေ ၂ ရွာမရပ်ကွက် ဦးမန်ဒေါင်ဟောင်းဒန်နေအိမ်၊ ဦးမာဟော်ဟောင်းဇေ၊ဦးလဂန်ခေါင်ဇေ စုစုပေါင်း ၃ အိမ်ဖြစ်ပြီး နေအိမ်နဲ့စပါးကျီအားလုံးမီးလောင်သွားပြီလို့ သူကဆက်ပြောပါတယ်။

မန်ဒေါင်ဟောင်းဒန်အိမ်က ၂ ထပ်ဟုတ်တယ် အိမ်သစ်တက်တောင်မလုပ်ရသေးဘူး ဘာမှမယူလိုက်ရဘူးလို့ ပြောတယ်။စပါးကျီဆို စပါးတင်း ၄၀၀ လောက်ထည့်ထားတာတဲ့ အားလုံးကလည်း မထွက်ရဲကြောက်‌ကြလို့လေ ဘာမှမရလိုက်ဘူးလို့ ဝူယန်ဒေသခံနောက်တစ်ဦးက ပြောပါတယ်။

နေအိမ်မီးရှို့ခံပြီးနောက် ၇ နာရီဝန်းကျင်မှာတော့ ဝူယန်ရွာရဲ့ ဆည်မြောင်းဘက်မှာရှိတဲ့ ထော့ဂေါ့ဆိုတဲ့ရွာအနီး ပြည်သူ့စစ်အဖွဲ့နဲ့ KIA/KPDF ပူးပေါင်းတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထော့ဂေါ့ရွာကနေအိမ်တစ်ချို့မီးရှို့ခံရတယ်လို့ဝူယန်ဒေသခံတစ်ဦးက ထပ်ပြောပါတယ်။

ဝူယန်ရွာအပြင်ကျတယ် ဆည်မြောင်းရှိတဲ့ဘက် လီဆူရွာဟုတ်တယ် နေအိမ်တစ်ချို့လည်းရှို့ခံရတာရှိတယ်‌ ပြောလာတယ်။ အသေးစိတ်တော့ မသိရဘူး ကျမတို့လည်းရှောင်နေကြတာဆိုတော့လေလို့ ပြောပါတယ်။

ဧပြီလ ၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့ ဝူယန်ပြည်သူ့စစ်စခန်းဂိတ် လာရောက်ပစ်သွားပြီးနောက် ပြည်သူ့စစ်ဘက်ကလည်း လက်နက်ကြီးနဲ့တန်ပြန်ပစ်ခတ်ခဲ့တာကြောင့် ဝူယန်အထက်မှာရှိတဲ့ လမြန်ရွာမှာ လက်နက် ကြီးကျပေါက်ကွဲတာရှိသလို ဒီနေ့ထိလည်း လက်နက်ကြီးပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဝူယန်ဂိတ်မှာဖြတ်သန်းခွင့်လည်း ပိတ်ထားတယ်လို့ သိရပါတယ်။

ခုဂိတ်လည်းပိတ်ထားတယ် ဒီခကွမ်ရွာနားမှာရှိတဲ့ ၅၈ တပ်ကလည်း လက်နက်ကြီးဝောာက်လျှောက်ပစ်ကူနေတာ မုတ်ကျိတ်ရွာနားမှာကျကွဲလို့ ကျမ်းစာကျောင်း တောစပ်မှာလည်း မီးလောင်သွားတယ်လို့ သိရတယ်။ ခုတော့ ငြိမ်းပြီးရောပေါ့လို့ ဒေသခံတစ်ဦးကလည်း ခုလိုပြောပါတယ်။

ခကွမ်၊ဝူယန်၊လမြန်၊မုတ်ကျတ်ရွာတွေဟာ တစ်ဆက်တည်းရှိတဲ့ ရွာတွေဖြစ်ပြီး ဝိုင်းမော်ဆဒုံးချီဖွေသွားတဲ့ လမ်းမကြီးပေါ် ရှိတဲ့ ရွာတွေဖြစ်ပါတယ်။

ခုလို စစ်တပ်က လက်နက်ကြီးနဲ့ပစ်နေတာကြောင့် ဝူယန်တစ်လျှောက်မှာရှိတဲ့ ဝူယန်၊လမြန်၊မုတ်ကျိတ်ရွာက ဒေသခံတစ်ချို့ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဝူယန်ပြည်သူ့စစ်ဂိတ်ကို မတ်လ ၇ ရက်နေ့ တိုက်ပွဲမှာ သေဆုံးသွားပြီဖြစ်တဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းဦးဆောင်ပြီး ဝူယန်ကျေးရွာ မနက်စျေးအနီး၂၀၂၁ခုနှစ် နိုဝင်ဘာလမှာ ဒေသခံများကန့်ကွက်တဲ့ကြား တည်ဆောက်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်တဲ့ဂိတ်ဖြစ်သလို KIA ပူးပေါင်းတပ်တွေမကြာခန လာရောက်ပစ်ခတ်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button