လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

MNDAA ထိန်းချုပ်မှုအောက် ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေကိုတိုက်ဖျက်ဖို့ ရည်ရွယ်ပြီးစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ရဲ့ “ ၁၀၂၇” စစ်ဆင်ရေးမှာ ရှမ်းမြောက်မှာ မြို့ပေါင်း ၈ မြို့နယ်အပါအဝင် စခန်းပေါင်း ၄၀၀ ကျော်သိမ်းပိုက်ခဲ့ကြပြီး အုပ်ချုပ်ရေးစနစ်စတင်နေကြပြီ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကုန်းကြမ်း၊ သိန္နီ စတဲ့မြို့တွေကို MNDAA AA နဲ့အတူ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး ဟိုပန်နဲ့ ပန်လုံမြို့တွေကိုတော့  UWSA ‘’ တပ်ဖွဲ့က သိမ်းယူထားတာပါ။

မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ရဲ့ စစ်ဆင်ရေး နှစ်လအကြာ ဇန်နဝါရီလ ၁၀ ရက်နေ့မှာတော့ တရုတ်ရဲ့ ကြားဝင် ညှိုနှိုင်းပေးမှုနဲ့ အပစ်ရပ်ခဲ့ကြပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ နယ်မြေဒေသခွဲဝေပြီး အုပ်ချုပ်နေပြီဖြစ်ပါတယ်။ ဒီထဲက ကိုးကန့် MNDAA တပ်ကတော့  လားရှိုးမြို့ အရှေ့ဘက်ဒေသတစ်ခုလုံးအပါအဝင် မုံးကိုးဖောင်းဆိုင် တရုတ်နယ်စပ်ဒေသအထိ ကိုးကန့် သိမ်းပိုက်နေရာယူထားတာ ဖြစ်ပါတယ်။

စစ်အာဏာာရှင်အမြစ်ဖြတ် ချေမှုန်းဖို့ စစ်ကောင်စီတပ်ကို တိုက်ထုတ်ခဲ့တဲ့ ကိုးကန့် MNDAA တပ်ကိုယ်တိုင် လက်ရှိချိန်မှာတော့ သူတို့ သိမ်းပိုက်ထားတဲ့ မြို့နယ်အတွင်း အရပ်သားတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှု ဆက်တိုက်ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတွေ ထုတ်ဖော်ပြောဆိုပါတယ်။

ကွတ်ခိုင်ဒေသခံအမျိုးသားတစ်ယောက်က “ကြမ်းတမ်းတယ် ခြိမ်းခြောက်တယ်။ တစ်ခုခုဆိုရင်လည်း ရွာက ပြည်သူတွေကို အတင်းအဓမ္မ ခိုင်းစေတယ်။ လမ်းသွားလမ်းလာ ဘာမဟုတ်လည်း စစ်ဆေးတင်းကျပ်တာတွေလုပ်တယ်။ သူတို့က ပိုဆိုးပြီး အာဏာရှင်ထက်ဆိုးတယ်။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က ကွတ်ခိုင်မြို့နယ် ကောင်းခါးဒေသခံ အသက် ၃၄ နှစ်အရွယ် ကချင်အမျိုးသား ကိုဇော်ဆိုင်း (Zau Seng) ကို ကိုးကန့်တပ် MNDAA က  သတ်ဖြတ်ပြီး အလောင်းဖျောက်ထားတာကို ဒေသခံတွေနဲ့ မိသားစုဝင်တွေက သွားရောက်တွေ့ရှိခဲ့ပါတယ်။ သတ်ဖြတ်ခံရသူဟာ စိတ်ရောဂါ ခံစားနေရသူတစ်ဦးဖြစ်ပြီး မိခင်အိုနဲ့ အသက် ၁၀ နှစ်အောက် သားသမီး ၂ ဦး ကျန်ရစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေဘက်က ကိုးကန့်တပ် MNDAA ကို ဖြေရှင်းချက်တောင်းဆိုရာမှာ ကိုးကန့်တပ်ဘက်က ဖမ်းဆီး စစ်ဆေးချိန် လက်လွန်သွားတာဖြစ်ပြီး နစ်နာကြေးမပေးနိုင်တဲ့အကြောင်း ကိုးကန့်တပ်ဘက်က ပြောဆိုတယ်လို့ ဒေသခံတွေဘက်က ပြောပါတယ်။

ဒီဖြစ်စဉ်က လုံး၀ကို မဖြစ်သင့်တဲ့ဖြစ်စဉ်ဖြစ်တယ်။ သူတို့ရဲ့ ရန်သူလက်နက်ကိုင်ဆောင်သူလည်းမဟုတ်ဘူး။ ဘာအပြစ်မှမရှိတဲ့ ပြည်သူတစ်ဦးဖြစ်တယ်။ ပြည်သူတစ်ဦးရဲ့အသက်ကို တိရိစ္ဆာန်တစ်ကောင်ကို သတ်ဖြတ်သလိုမျိုး သတ်ဖြတ်ပြီး တာဝန်ယူမှုမလုပ်တာက လုံး၀မဖြစ်သင့်ဘူး။ အခုချိန်က ကျနော်တို့ပြည်သူတွေ သူတို့လက်နက်ကိုင်သူတွေနဲ့ အတူနေထိုင်နေရတဲ့အချိန်ဖြစ်တယ်။ သူတို့အခုလို ပြည်သူကို လုံခြုံရေးမပေးနိုင်ဘူးဆိုရင် ကျနော်တို့ဘယ်သူ့ထံ အားကိုးရမလဲ။ ပြီးတော့ ဒီလိုဖြစ်လာတဲ့အပေါ်  ကိုးကန့်ကျူးလွန်တဲ့ဖြစ်စဉ်ကို KIO အစိုးရကို တင်ပြတယ်။ KIO လည်းတာဝန်ယူဖြေရှင်းပေးမှုမရှိဘူး။ ဆိုတော့ ကျနော်တို့ပြည်သူတွေပဲ နေရခက်တာဖြစ်တယ်။လို့ ကောင်းခါးဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

အလားတူ အရပ်သားသတ်ဖြတ်ခံရမှုမှာ ကွတ်ခိုင်၊ ကောင်းခါး၊ ဟိုမင်ကျေးရွာတွေမှာတင် ဖြစ်ပွားနေတာမဟုတ်ဘဲ မူဆယ်မြို့နယ် မုံးကိုးမြို့ဘက်မှာလည်း အလားတူဖြစ်ရပ်တွေ ရှိတယ်လို့ ဒေသခံတွေပြောပါတယ်။

မုံးကိုးမြို့မှာ ဆိုရင် ကိုးကန့်တပ်ဖွဲ့က လူမျိုးရေးခွဲခြားပြီး အုပ်ချုပ်နေတယ်လို့  မုံးကိုးဒေသခံ ကချင်အမျိုးသမီးတစ်ဦးက စွပ်စွဲပြောဆိုပါတယ်။

ကိုးကန့်က တစ်ခုခုဆို သူ့အမိန့်အတိုင်းပဲ။ ဘာမှညှိနှိုင်းလို့ မရဘူး။ အခုက ကျနော်တို့နယ်မြေဟုတ်ပြီဆိုတဲ့ ပုံစံနဲ့ ပိုင်စိုးပိုင်နိုင် ပြည်သူကို ဖိနှိပ်နေတယ်လို့ ခံစားရတယ်။ တရုတ်အချင်းချင်းဆိုရင်တော့ ကူညီကာကွယ်ကြပြီး တခြား ရှမ်း၊ ဗမာ၊ ပလောင်၊ ကချင်တွေကို ဖိနှိပ်တယ်။ ကြည့်ရင်တော့ လူမျိုးရေးခွဲခြားတာ ဟုတ်တယ်လို့ ပြောပါတယ်။

မုံးကိုးမြို့မှာ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ကိုးကန့် MNDAA က ရမ်းတမ်းပစ်ခတ်တဲ့ လက်နက်ကြောင့် အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပေမယ့် တာဝန်ယူမှု တာဝန်ခံမှု တစ်စုံတစ်ရာမရှိခဲ့ဘူးလို့ ဒေသခံတွေ ပြောပါတယ်။

ဒါအပြင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း မုံးကိုးမြို့တွင်းက အဆောက်အဦးတစ်ခုမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေကို MNDAA ကသွားရောက် မောင်းထုတ်ခဲ့တဲ့အပြင် တချို့နေရာတွေမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေကိုလည်း MNDAA ဘက်က မောင်းထုတ်တဲ့ဖြစ်စဉ်တွေ ရှိနေပါတယ်။

ဒီလိုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မုံးကိုးမြို့ ကိုးကန့်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေထံ၊ ကိုးကန့်တပ် MNDAA ပြောရေးဆိုခွင့်အဖွဲ့ထံ KNG သတင်းဌာန က ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပါဘူး။ 

၁၀၂၇ စစ်ဆင်ရေး မစတင်ခင် ၂၀၂၃ နှစ်ဆန်းပိုင်းကတည်းက ကွတ်ခိုင် ကာလှိုင်ဇွပ်အောင်စစ်ရှောင်စခန်းမှာ စစ်ရှောင်နေအိမ်တွေမှာ MNDAA က တပ်ချနေထိုင်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

အာဏာရှင်ကို အလိုမရှိလို့ အာဏာရှင်ကို တိုက်ထုတ်နေပါတယ်ဆိုမှ သူတို့က အာဏာပြန်ရူးလာတော့ မကောင်းဘူးလေ။ သူတို့က လက်နက်ကိုင်သူတွေ၊ ပြည်သူတွေက လက်နက်မရှိတဲ့သူတွေဖြစ်တယ်။ ဒါ့ကြောင့် ပြည်သူတွေကို ဦးဆောင် ထိန်းချုပ်တဲ့အခါ လူ့အခွင့်အရေးကို လေးစားပြီး ဦးဆောင်ရင်တော့ ပိုကောင်းမယ်လို့ ကျနော်တို့လည်း အဲဒါပဲ လိုချင်တာပါ။” လို့ ကွတ်ခိုင်ဒေသခံအ မျိုးသားတစ်ယောက်ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ကိုးကန့်တပ်က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အရပ်သားတွေ အကြောင်းမဲ့ သတ်ဖြတ်ခံရမှုနှင့် တာဝန်ယူမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် ဒေသခံပြည်သူက ဝေဖန်ပြောဆိုမှုများစွာ ရှိနေတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button