တိုက်ပွဲသတင်း

နန့်ယားတိုက်ပွဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တွေမီးလောင်နေပြီး တိုက်ပွဲပြင်းထန်နေဆဲ

ဖားကန့်လမ်း နန့်ယားကျေးရွာ (Namya Mare)မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကနေ လေကြောင်းနဲ့ ခုခံတိုက်ခိုက်နေတာကြောင့် ကျေးရွာအတွင်း လူနေအိမ်တွေမီးလောင်ပျက်စီးတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဧပြီလ ၁၀ ရက်နေ့ ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နန့်ယားကျေးရွာကို ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်း စာသင်ကျောင်းပတ်ပတ်လည်မှာ မီးလောင်ပျက်စီးနေတယ်လို့ နန့်ယားဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

ရွာထဲမှာ နေအိမ်တွေမီးလောင်နေပြီ။ အခုလောင်နေတာက စာသင်ကျောင်းပတ်ပတ်လည်က နေအိမ် ၆ လုံးလောက် ပါသွားပြီ။ စစ်တပ်ကရွာထဲမှာကို လာပစ်နေတာ။ အခုဖုန်းပြောနေရင်း နောက်တစ်စီလာနေပြီလို့ ပြောပါတယ်။

မနက်ပိုင်း ၁၂ နာရီခွဲလောက်မှာ ဂျက်လေယာဉ်နဲ့ ကျေးရွာပတ်ပတ်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ညနေပိုင်း ၃ နာရီခွဲလောက်မှာ နောက်တစ်စီးထပ်မံရောက်လာပြီး ပစ်ခတ်နေတယ်လို့ ပြောပါတယ်။

နန့်ယားတိုက်ပွဲအခြေအနေမှာ KIA တပ်ဘက်က နန့်ယားစစ်ကောင်စီတပ်သားတွေကို ဧပြီလ ၉ ရက်နေ့ တပ်စခန်းကနေ တပ်ဆုတ်သွားဖို့ ပြောဆိုထားပေမယ့် ထွက်ခွာသွားခြင်းမရှိတဲ့အတွက် ဒီကနေ့ အထိ ၂ ဖက်တပ်တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ သူက ဆက်ဆိုပါတယ်။

အမှန်တော့ ဘယ်လောက်မှ မကျန်တော့ဘူး။ ကားလမ်းပေါ်က ဂိတ်နေရာတွေအထိ KIA တပ်တွေ ဝင်ရောက်ထားပြီ။ အခုက ကုန်းပေါ်က တပ်စခန်းကျန်နေသေးတယ်။ အဲထဲမှာ အင်အား ဘယ်လောက်ရှိလဲတော့ မသိရဘူး။ အဲဒီကုန်းပေါ်ကနေ အပြန်အလှန်ပစ်ခတ်နေတာလို့ပြောပါတယ်။

KIA တပ်တွေက နန့်ယားတပ်စခန်းပတ်ပတ်လည် ဂိတ်နေရာအထိ ဝင်ရောက်နေရာယူထားနိုင်ပေမယ့် နန့်ယားစစ်တပ်ကုန်းပေါ်မှာ ကျန်ရှိနေသေးသလို လေကြောင်းနဲ့ လာပစ်နေတာကြောင့် စခန်းသိမ်းဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။

ခုလို တိုက်ပွဲပြင်းထန်နေတာကြောင့် နန့်ယားဒေသခံပြည်သူ ရာချီက နန့်ယားကျေးရွာအနီးတဝိုက် ယုဇနပါ(Yu Zana Pa)နေရာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

နန့်ယားကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ လူနေအိမ် ၆ အိမ်ထက်မကထိခိုက်ပျက်စီးနိုင်သလို တခြားအိမ်မွေးတိရိစ္ဆာန်တွေလည်း သေဆုံးမှုရှိနိုင်တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

နန့်ယားကျေးရွာအတွင်းမှာ ပြည်သူပိုင်နေအိမ်တွေ မီးလောင်ပျက်စီးနေပေမယ့် တိုက်ပွဲဖြစ်ပွားနေသေးတာကြောင့် ဒေသခံပြည်သူတွေ ဘယ်သူမှ ရွာထဲကိုသွားရောက် ကြည့်ရှု့ဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။

ဖားကန့်လမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ပြီး ဖမ်းဆီးရိုက်နက်တာတွေ လုပ်ဆောင်နေတဲ့ နန့်ယားစစ်ကောင်စီတပ်စခန်ကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၉ ရက်နေ့ မနက်ပိုင်း စတင်ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

နန့်ယားကျေးရွာနဲ့ တကြောထဲရှိတဲ့ နန့်တိန့်တပ်စခန်းကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ KIA က အပြီးသတ်သိမ်းပိုက်ထားပြီ လက်ရှိမှာ နန့်ယားတပ်စခန်းကို သိမ်းပိုက်ဖို့ တိုက်ပွဲဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button