သတင်း

လွယ်ဂျယ်နယ်စပ်ဂိတ်ဖွင့်လိုက်ပြီး KIO အစိုးရ အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်

ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားပြီဖြစ်တဲ့ လွယ်ဂျယ်မြို့မှာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတရားဝင်တံခါးပေါက်ကို စတင်ဖွင့်လိုက်ပြီး KIO ရဲ့ အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီလို့ သိရပါတယ်။

တိုက်ပွဲကြောင့် ၂ ပတ်အကြာပိတ်ထားတဲ့ နယ်စပ်ဂိတ်တံခါးပေါက်နဲ့ ဆေးရုံးတွေကို KIO ရဲ့ အုပ်ချုပ်မှုအောက် ဧပြီလ ၁၁ ရက်နေ့စတင်ဖွင့်ပေးလိုက်ပြီလို့ လွယ်ဂျယ်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

နယ်စပ်ဂိတ်တံခါးပေါက်ကိုတော့ မနေ့က သွားလာခွင့်ပေးလိုက်ပြီ။ သွားလာခွင့်ပေးတယ်ဆိုပေမယ့် ကုန်တင်ကားတွေကိုပဲ ကုန်ကားတွေတောင်မှ စစ်ဆေးပြီး သွားလို့ရသေးတယ်။ စစ်တပ်ရှိတုန်းကလည်း အဲလိုစစ်ဆေးပြီး သွားခိုင်းနေတာဟုတ်တယ်။ အဓိတော့ နှစ်နိုင်ငံပုံမှန်တင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေကိုပဲ ခွင့်ပြုသေးတယ်လို့ဆိုပါတယ်။

နယ်စပ်ဂိတ်သွားခွင့်နဲ့ပတ်သက်ပြီး လက်ရှိနှစ်နိုင်ငံတင်သွင်းတဲ့ ကုန်းကားတွေကိုသာ အဓိကသွားလာခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့မှာတော့ အုပ်ချုပ်ရေးရုံးနေရာတွေကို ကချင်အမျိုးသားအလံထောင်ပြီး အုပ်ချုပ်ရေးယန္တရားတွေ စတင်လိုက်ပြီလို့ လွယ်ဂျယ်ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

အခုက ဆေးရုံ၊ စည်ပင်ရောင်းဝယ်နဲ့ ဆိုင်တဲ့ဟာ စလုပ်နေပြီ။ ဒီကနေ့မှာတော့ အုပ်ချုပ်ရေးရုံးတွေ ဖွင့်လိုက်ပြီ။ ၇နာရီ ၁၅ မိနစ်လောက်မှာက အုပ်ချုပ်ရေးရုံးတွေမှာ ကချင်အမျိုးသားအလံတွေထောင်တာတွေလုပ်နေကြတယ် လို့ပြောပါတယ်။

KIO အစိုးရအဖွဲ့အနေနဲ့ လွယ်ဂျယ်မြို့တွင်း အုပ်ချုပ်ရေးယန္တရားအောက်မှာရှိတဲ့ ဌာနအသီးသီးကို တစ်ခုပြီးတစ်ခုပုံမှန်လည်ပတ်သွားဖို့ ဆက်လက်လုပ်ဆောင်သွားမယ်ဖြစ်တယ်လို့သိရပါတယ်။

ခုလို လွယ်ဂျယ်မြို့ဟာ KIO အစိုးရရဲ့ ထိန်းချုပ်အောက်မှာ‌ရောက်သွားတဲ့ပေါ်မှာ လွယ်ဂျယ်ဒေသအတွင်း လုံခြုံရေး၊ ခိုးဆိုးလုယက်မှုနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ရေးတွေကို အဓိကနှိမ့်နင်းတားမြစ်ပေးဖို့ ဒေသခံတွေတောင်းဆိုနေကြပါတယ်။

စစ်တပ်လက်အောက်မှာရှိတဲ့အချိန် ဒေသအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာတွေ အလွန်များခဲ့ပြီး နယ်စပ်ဒေသဖြစ်တဲ့အတွက် ခိုးဆိုးလုယက်မှုတွေကြောင့် ဒေသခံပြည်သူတွေကြား လုံခြုံရေးကင်းမဲ့သွားတဲ့အထိ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေပြောပါတယ်။

လွယ်ဂျယ်နယ်စပ်မြို့ကို KIA တပ်က ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ စစ်ကောင်စီလက်အောက်မှာ လည်ပတ်နေတဲ့ အစိုးရရုံးတွေကို သိမ်းပိုက်ကာ ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့မှာ လွယ်ဂျယ်မြို့တွင်းတပ် ခလရ ၁၄၂ တပ်ရင်းက စစ်ကောင်စီတပ်တွေနဲ့ အစိုးရဝန်ထမ်းတစ်ချို့ တရုတ်နိုင်ငံဘက်ထွက်ပြေးသွားကြပြီးနောက် မတ်လ ၉ ရက်နေ့မှာ လွယ်ဂျယ်မြို့တစ်ခုလုံးဟာ စစ်တပ်ကင်းစင်နယ်မြေဖြစ်ခဲ့ပါတယ်။

ဒါကြောင့် KIO အစိုးရက လက်ရှိမှာ လွယ်ဂျယ်မြို့တစ်ခုလုံးကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးစနစ်စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button