သတင်း

KIA ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ မဘိမ်းမြို့နယ်ထဲက ရွာတစ်ရွာလေကြောင်းတိုက်ခိုက်ခံရ

ကချင် နဲ့ ရှမ်း‌မြောက်အစပ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မဘိမ်းမြို့နယ်က ရွာတစ်ရွာကို စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဧပြီလ ၁၅ ရက်နေ့ မနေ့က ညပိုင်း ၈နာရီလောက်မှာ မဘိမ်းမြို့နယ် ပွဲစမိတ်ဆိုတဲ့ရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်၂လုံးထိခိုက်ပျက်စီးသွားသလို ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

ညကလေယာဥ်နဲ့ဝင်ပစ်သွားတယ်တဲ့ တော်လှန်ရေးပိုင်းဆိုင်ရာနေရာတွေလည်းမဟုတ်ဘူး ရွာထဲကို ချတာ ပွဲစမိတ်ရွာပေါ့ ရွာသားနေအိမ်နှစ်လုံးပျက်စီးသွားတယ် ညလည်းဖြစ်တော့ သေဆုံးတာလည်း ရှိတယ်ဗျ လိုင်းအခက်အခဲကြောင့် အတိအကျအတည်မပြုနိုင်သေးဘူး တိုက်ပွဲတွေဖြစ်လို့ရယ်လည်း မဟုတ်ဘူးလို့ပြောပါတယ်။

မဘိမ်းမြို့ကို KIA နဲ့ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပြီး အရပ်သားတွေ ဝင်ရောက်နေထိုင်နေကြပြီလို့သိရပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က တံတားဦးကလာတဲ့ ဂျက်ဖိုက်တာနှစ်စင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အရပ်သားတွေနေတဲ့နေရာကိုပဲပစ်မှတ်ထားတိုက်ခိုက်သွားတာလို့ ဒေသခံ တစ်ယောက်က ဆက်ပြောပါတယ်။

ညက ပွဲစမိတ်ရွာကို မိုးချုပ်စပေါ့ ဂျက်ဖိုက်တာနဲ့လာကြဲသွားသေးတယ်ဗျ အိမ်နှစ်လုံးပျက်စီးသွားတယ် မဘိမ်းနယ်ထဲမှာက ဘာတိုက်ပွဲမှမရှိဘူး ပြီးခဲ့တဲ့တစ်ခါလည်းကြဲပြီးပြီ သေဆုံးတာတွေလည်းရှိခဲ့တယ်။ အခုလည်းအရပ်သားပစ်မှတ်ကိုပဲလုပ်တာပါလို့ပြောပါတယ်။

မဘိမ်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေအပါအဝင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရက္ခိုင့်တပ်တော် (AA) တို့က ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မဘိမ်းမြို့ကို လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ တဲ့အတွက် မိုးလုံဆိုတဲ့ရွာက ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ယောက်အပါအဝင် အရပ်သား ၆ ယောက် သေဆုံးခဲ့ရပါသေးတယ်။

စစ်ကောင်စီတပ်ဘက်က အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ စစ်ရေး ပြင်းထန်တဲ့မြို့တွေအပါအဝင် မြို့အတော်များများကို စစ်အုပ်ချုပ်ရေကြေညာခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့အထိကို စစ်ကောင်စီတပ်ဘက်က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့ပေါင်း ၆၁ မြို့နယ်ရှိပြီ လို့ Data For Myanmar ကသတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button