ကချင်၊ စစ်ကိုင်း နဲ့ ရှမ်းပြည်နယ်အစပ်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေ
ကချင်၊စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ ရွာတွေကိုစစ်တပ်က ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေတာကြောင့် အရပ်သား ၆ ယောက်သေဆုံးပြီး နေအိမ်နဲ့အဆောက်အဦးတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကသိရပါတယ်။
ကချင်နဲ့စစ်ကိုင်းအစပ်က ထီးချိုင့်မြို့နယ် တောမရွာကို ဧပြီလ ၁၅ ရက်နေ့မှာတစ်ကြိမ်၊ ဧပြီလ ၁၆ ရက်နေ့ တစ်ကြိမ် ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Tigyaing Revolution က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကသာမြို့နယ်ထဲကညောင်ပင်ဝင်းရွာကို ဧပြီလ ၁၇ ရက်နေ့ တစ်ရက်တည်းမှာပဲ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။
“မနေ့ကပဲ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတာ အင်းရွာအုပ်စုထဲပါတာပေါ့ ညောင်ပင်ဝင်းရွာကိကြဲသွားတာ ဆန်စက် ၂ လုံးပွင့်ထွက်သွားတယ် နေ့လည် ၂ နာရီလောက်မှာတစ်ကြိမ် ညပိုင်း ၈ နာရီလောက်မှာတစ်ကြိမ်ကြဲသွားတာ”လို့ပြောပါတယ်။
ကသာမြို့နယ်နဲ့အပြင် ကချင်နဲ့ရှမ်းပြည်နယ်အစပ်က မဘိမ်းမြို့နယ်တို့ကို ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ကစပြီး လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မဘိမ်းမြို့နယ်က အရပ်သား ၆ ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
“သူတို့ကတော့ အရပ်သားပစ်မှတ်တွေကိုပဲလာပြီးပစ်နေတဲ့အတွက် ကိုယ်တိုင်ပဲ သတိဝိရိယနဲ့နေရမှာ သူတို့က ဘာ့ကြောင့်မှန်းမသိဘူး ကချင်ရယ်၊ရှမ်းရယ်၊ စစ်ကိုင်းရယ်ထိစပ်တဲ့နေရာတွေပဲ အဲ့ဒီနေရာတွေက သုံးပွင့်ဆိုင်နေရာတွေပဲ မဘိမ်းနယ်ထဲကဟာတော့ အရပ်သား ၆ ယောက်သေဆုံးတယ်လို့ ကြားရတယ်”လို့ပြောပါတယ်။
ရှမ်းပြည်နယ်မဘိမ်းမြို့နယ်က လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရသူ ၆ ယောက်ဟာ မည်သူမည်ဝါ ဆိုတာ ဖုန်းလိုင်းအခက်အခဲကြောင့် အတည်ပြုဖို့ခက်ခဲနေပြီး အရပ်သား ၆ ယောက်သေဆုံးတာတော့ အတည်ပြုတယ်လို့ စစ်ကိုင်းနဲ့ကချင်အစပ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်က အတည်ပြုပါ တယ်။
ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကသာမြို့နယ် ညောင်ပင်ဝင်းရွာနဲ့ မဘိမ်းမြို့နယ်ထဲက ပွဲစမိတ်ရွာတို့မှာတိုက်ပွဲ တစ်စုံတစ်ရာဖြစ်တာမရှိသလို စစ်တပ်ဘက်က အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဒေသခံ တွေကပြောပါတယ်။
မဘိမ်းမြို့ KIA ပူပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့ တိုက်ခိုက်သိမ်းပိုက်ထားပြီး ထီးချိုင့်မြို့ကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းကနေ ထိုးစစ်ဆင်နေပေမယ့် လက်ရှိချိန်ထိ သိမ်းပိုက်နိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် ကသာမြို့နယ်ဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိပြီး မန္တလေးကနေ– ကချင်ဘက်ကိုတက်လာမယ့် တစ်ခုတည်းသောရေကြောင်းလမ်းလည်းဖြစ်ပါတယ်။
By – အမိုး