မလေးရှားနိုင်ငံမှာ ကချင်စစ်ဘေးရှောင်တွေအတွက်ရန်ပုံငွေရှာပွဲကျင်းပ

မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာလူမျိုးတွေဟာ ကချင်စစ်ဘေးရှောင်တွေအတွက် ဘော်လုံးပြိုင်ပွဲကျင်းပြီးရန်ပုံငွေရှာခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေးအဖွဲ့တာဝန်ရှိသူဆီကနေ သိရပါတယ်။

ကချင်စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့နိုင်ဖို့ ရန်ပုံငွေရှာတဲ့အနေနဲ့  မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မှာ ဧပြီလ ၁၅ နေ့ မနက် ၇ နာရီကနေ ညနေ ၆နာရီဝန်းကျင်ထိ ဘောလုံးပြိုင်ပွဲကိုကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဆဒန်ဇော်ဖရင်(Shadan Zau Hpring) မှ KNGကို ပြောပါတယ်။

ရန်ပုံငွေရှာပွဲမှာ KRC( Kachin Refugee Committee) Mungdan Ngangkang Committeeနဲ့  Rawang Refugee Committee စတဲ့ အဖွဲ့အစည်းသုံးဖွဲ့ကနေ ဦးဆောင်ကာဘော်လုံးပွဲယှဉ်ပြိုင်ကစားကြတယ်လို့သိရပြီး မြန်မာနိုင်ငံတိုင်းရင်းသားတွေဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့လူမျိုးတွေလည်း ပါဝင်အားဖြည့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ရန်ပုံငွေပွဲကရတဲ့အလှူငွေ မြန်မာကျပ်ငွေ သိန်းတစ်ရာကျော်ကို စစ်ဘေးဒဏ်ကြောင့်စစ်ရှောင်နေရတဲ့ဒုက္ခသည်တွေအတွက် ကူညီတဲ့နေရာတွေမှာ အသုံးပြုမှာဖြစ်တယ်လို့ သူ့ဆိုပါတယ်။

ကျွန်တော်တို့ကတော့ ဘယ်လောက်ဝင်ရမယ်ဆိုပြီးတော့မှတော့သတ်မှတ်ထားတာတော့မရှိဘူး ဒါပေမယ့်လည်းရရှိတဲ့ ငွေတွေအကုန်လုံးကို အမိမြေလိုင်ဇာဘက်ကိုပေးဖို့ကျွန်တော်တို့ကော်မတီတွေသဘောတူပြီးဆုံးဖြတ်ထားတာဘဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဘော်လုံးပြိုင်ပွဲကိုတော့ အမျိုးသား၊ အမျိုးသမီး တိုင်းရင်းသားပေါင်းစုံ ၁၅သင်း ယှဉ်ပြိုင်ကစားခဲ့ပြီး ဇိုမီး (zomi community) ဖြစ်တဲ့ ချင်းတိုင်းရင်းသားတွေက ဗိုလ်ဆွဲခဲ့တယ်လို့ သိရပါတယ်။

ခုလို ဘော်လုံးကန်ပြီး ရန်ပုံငွေပွဲကျင်းပတဲ့အခါမှာ အလုပ်နဲ့မအားလပ်တဲ့ကြားကနေ ပြုလုပ်ခဲ့ရတဲ့အတွက် အခက်အခဲတွေကိုတော့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက စစ်ဘေးရှောင်ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေနဲ့တိုက်ပွဲဝင်နေကြတဲ့ သွေးချင်းတွေအတွက် တက်နိုင်တဲ့ဘက်ကနေ အမြဲပါဝင်ကူညီသွားမှာ ပွဲဖြစ်မြောက်ရေးအဖွဲ့တာဝန်ရှိသူက ခုလိုဆက်ပြောပါတယ်။

အောက်တိုဘာလကျရင်လည်း ရှိုးပွဲတွေလုပ်ပြီး အလှူငွေရှာဖို့လုပ်ထားတယ် ကျွန်တော်တို့နိုင်ငံခြားမှာ ရှိနေတဲ့ သူတွေလည်း အမိမြေကို မေ့သွားတာမျိုးမဟုတ်ဘဲ ကိုယ်တက်နိုင်တဲ့ ဘက်ကနေ အမြဲပါဝင်ဖို့ပေါ့လို့ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံခြားရောက်ပြည်သူတွေအနေနဲ့လည်း  တော်လှန်ရေးမှာအသက်သွေးရင်းပြီးတိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေနဲ့စစ်ဘေးရှောင် ပြည်သူတွေကို မမေ့မလျှော့ဘဲ အမြဲပါဝင်ကူညီနေပါတယ်လို့ သူကတိုက်တွန်းပြောဆိုပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ်မဖြစ်ခင်တုန်းက KRC (Kachin Refugee Committee) ရဲ့ ဖော်ပြချက်မှာ ကချင်လူဦးရေ ၃၀၀၀ ဝန်းကျင် ရှိခဲ့ပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်း  ခန့်မှန်းချေ ကချင်လူဦးရေတစ်သောင်းဝန်းကျင်ရှိလာ ပြီဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးဆဒန်ဇော်ဖရင်(Shadan Zau Hpring) က KNGကို ပြောပါတယ်။

By – Hope

Show More
Back to top button