စစ်ပြေးဒုက္ခသည်များသတင်း

နေအိမ်ပျက်စီးသွားတဲ့ စီခမ်းကြီးစစ်ဘေးရှောင်တစ်ချို့နေရပ်ပြန်ဖို့ခက်ခဲနေ

ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးကျေးရွာတိုက်ပွဲအတွင်း နေအိမ်ပျက်စီးသွားတဲ့ စစ်ဘေးရှောင်ပြည်သူတစ်ချို့နေရပ်ပြန်ဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စီခမ်းကြီးဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲကြောင့် စစ်ရှောင်နေကြရတဲ့ ဒေသခံတွေဟာ တစ်လကျော်အကြာအများစုနေရပ်ပြန်ဝင်နေကြပေမယ့် တိုက်ပွဲတွင်း လက်နက်ကြီးထိမှန်တာ၊ စစ်တပ်ဘက်ကလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ အိမ်ထောင်စု ၄၀ ကျော်ဟာ ဒီနေ့ထိ နေရပ်မပြန်နိုင်ပဲတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အများပိုင်းက ပြန်ဝင်ကြပြီ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ပြန်ဝင်နေကြပြီ။ ဒါပေမယ့် အိမ်တွေလုံးဝပျက်စီးသွားတဲ့မိသားစုတွေကတော့ ပြန်မဝင်နိုင်ကြသေးဘူး တိမ်းရှောင်နေကြတုန်း အိမ်ရှိတဲ့လူတွေလောက်ပဲပြန်ကြတာ အိမ်တွေဘာတွေပြန်ဆောက်ပြီး နေဖို့ကြလောလောဆယ်အခြေအနေနဲ့အဆင်မပြေသေးဘူးလေလို့ စီးခမ်းကြီး ဒေသခံစစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ စီခမ်းကြီးကျေးရွာဘက်မှာ တိုက်ပွဲတွေကငြိမ်သက်နေတာ တစ်ကျော်ကြာမြင့် နေပြီဖြစ်ပေမယ့် နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ဒေသခံတစ်ချို့ဟာနေအိမ်ဆောက်ဖို့ ငွေကြေးခက်ခဲတဲ့အပြင် စစ်ရေးပြန်ပြီးတင်းမာလာမှာကိုစိုးရိမ်နေတာကြောင့် နေရပ်ပြန်ဝင်ဖို့ခက်ခဲနေတာလို့သိရပါတယ်။

တိုက်ပွဲက ဖြစ်တော့မဖြစ်တော့ဘူး။ ဒါပေမယ့်လည်း တော်ကြာအိမ်ပြန်ဆောက်ပြီးကျမှ တိုက်ပွဲ ပြန်ဖြစ်လာမလား လေယာဥ်နဲ့ပဲပြန်လာချမလားအမျိုးမျိုးတွေးပြီး ပြန်မဆောက်ရဲသေးတာပေါ့ ပြီးတော့ အိမ်ဆောက်ဖို့အတွက် ကလောလောဆယ်လက်ထဲမှာ ဘာမှမရှိဘူးလက်ဗလာနဲ့လည်းဆောက်လို့မရဘူးလေ အကုန်ပါသွားတာလို့ နေအိမ်ပျက်စီးသွားတဲ့စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်ပြီးပျက်စီးသွားလို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ အိမ်ထောင်စု ၄၀ ဝန်းကျင်ဟာလက်ရှိ မံစီးမြို့နဲ့နီးစပ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

စီးခမ်းကြီးကျေးရွာကို KIAKPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး လက်ရှိအချိန်အထိ ကျေးရွာကို KIA ဘက်ကထိန်းချုပ်ထားတယ်လို့သိရပါတယ်။

သို့သော် စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားတာတွေရှိနေဆဲဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ် LPDF တာဝန်ခံတစ်ဦးက ခုလိုပြောပါတယ်။

အဲ့ဘက်ကလွတ်မြောက်နယ်မြေဖြစ်သွားပြီ စီခမ်းမှာအထိုင်တော့မရှိဘူး။ ဒါပေမယ့် ဝင်လိုက်ထွက်လိုက် အဲ့လိုစစ်ရေးလှုပ်ရှားတာတော့ပုံမှန်ရှိတယ်လို့ တိုက်ပွဲမှာပူးပေါင်းပါဝင်ခဲ့တဲ့ LPDF တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

KIA KPDF ပူးပေါင်းတပ်တွေရဲ့စီခမ်းကြီး ဗျူဟာကုန်းသိမ်းပွဲမှာ စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံးပြီ ၁၀ ဦးထက်မနည်းအရှင်ဖမ်းမိထားတဲ့အပြင် လက်နက်ခဲယမ်းလည်းအများ အပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

စီခမ်းကြီးရွာအနားမှာရှိတဲ့ စစ်တပ်ရဲ့ဗျူဟာမြောက်အထိုင်စခန်းဟာ မံစီမြို့နဲ့ မိုင် ၃၀ လောက်ဝေးပြီး ရှမ်းနဲ့ကချင်အစပ်မှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်တဲ့အပြင် မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နေရာဖြစ်တာကြောင့် စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအရ အချက်ချာကျတဲ့နေရာဖြစ်ပါတယ်။ 

ဒါ့အပြင် စီခမ်းကြီးကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ကျေးရွာဖြစ်ပြီး ရွှေကူမြို့နယ်နဲ့ မံစီမြို့နယ်ကြားမှာရှိကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် မံစီမြို့နယ်အခြေစိုက် ခလရ ၁၂၁ တပ်ရင်း ခလရ ၁၅ ၊ခလရ ၂၇၆၊ ခလရ ၂၂၃ ပူးပေါင်းတပ်တွေအထိုင်ချထားတဲ့ စခန်းလည်းဖြစ်ပြီး ဗန်းမော်မြို့ဘက်မှာရှိတဲ့ စစ်တပ်ကို အဓိကထောက်ပံ့ပေးနေတဲ့လမ်းကြောင်းမှာရှိတဲ့ စခန်းလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button