မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ဒိန်ဆင်းပါ မြေရှားတူးဖော်တဲ့စီမံကိန်းရပ်တန့်တာ တစ်နှစ်ရှိပြီး ဒေသခံများကောင်းမွန်စွာ လုပ်ကိုင်စားသောက်နေရပြီလို့ဆို

ဗန်းမော်ခရိုင် ဒိန်ဆင်းပါဒေသ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းတွေကို KIO အစိုးရက ရပ်တန့်ပေးခဲ့တာ ၁ နှစ်ပြည့်ပြီးနောက် ဒေသခံတွေဟာ အရင်အတိုင်းပြန်လည်လုပ်ကိုင်စားသောက် နေထိုင်ခွင့်ရပြီလို့ပြောပါတယ်။

မံစီမြို့အနီး ဒိန်ဆင်းပါဒေသတစ်လျှောက် မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းကို ဒေသခံတွေ အပြင်းအထန် ကန့်ကွက်ခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဌ ဗိုလ်ချူပ်ကြီးအင်ဘန်လ က ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ မိုင်ဂျာယန် ဒေသခံလူထု ၁၆၀၀ ကျော်နဲ့ တွေ့ဆုံစဉ် ကန့်ကွက်တဲ့ စီမံကိန်းအားလုံးကိုရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒေသခံလူထုအသံကို အလေးနက်ထားတဲ့ KIO ခေါင်းဆောင်တွေကို ကျေးဇူးတင်တဲ့အကြောင်း ဒေသခံအားလုံး ကိုယ်စား အမျိုးသမီးတစ်ဦးက အခုလို ပြောဆိုပါတယ်။

၂၀၂၃ ဧပြီ ၁၅ ရက်နေ့ကဆိုရင် ကျမတို့ KIO အစိုးရခေါင်းဆောင်အနေနဲ့ ဒိန်ဆင်းပါဒေသမှာ မြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းကို ရပ်တန့်ပေးခဲ့တာ မနေ့က ဆိုရင် ၁ နှစ်ပြည့်ပြီ။ ဒီနေ့ထိ လုံး၀ တူးဖော်ခြင်း မရှိဘူး။ ဒါကြောင့် ကျမတို့ KIO ခေါင်းဆောင်ကိုလည်း ကျေးဇူးတင်တယ်။ ဒီလိုပဲ မြေရှားမတူးဖို့ ဒေသခံတွေနဲ့အတူ ရပ်တည်ပြီး သတင်းတွေရေးသား ဖော်ပြခဲ့တာကြောင့် ဒေသခံတွေအားလုံး ကျေးဇူးတင်ရှိကြောင်း အကြောင်းကြားပြောလိုခြင်းဖြစ်ပါတယ်။ ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒိန်ဆင်းပါဒေသမှာ မြေရှားသတ္တု မတူးဖော်တော့တဲ့အတွက် ဒေသခံတွေရဲ့ အနာဂတ် ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး အတွက် စိုးရိမ်မှု မရှိတော့ဘူးလို့ သူမက ဆက်ပြောပါတယ်။

ဒီမြေရှားသတ္တုတူးဖော်ခြင်းရပ်ပေးလိုက်ခြင်းကြောင့်ရွာသားတွေ စိတ်အေးချမ်းမှုရတယ်။ မဟုတ်ရင်တော့ မြေရှားတူးဖော်ခြင်းကြောင့် ကျမတို့ဆီမှာ ကြုံတွေ့လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုး ၊ လေကောင်းလေသန့်မရရှိတော့ဘူး။ ရေမသန့်တော့ဘူး။ အမျိုးသမီးတွေအတွက် ဘေးထွက်ဆိုးကျိုးတော်တော်ရှိလာမယ်။ ဒါတွေကြောင့် ဒေသခံတွေ ကန့်ကွက်တဲ့အပေါ် KIO ခေါင်းဆောင်အနေနဲ့ ဒေသခံအသံကိုနားညောင်းပြီး ရပ်တန့်ပေးလိုက်တာကြောင့် ကျေးဇူးတင်ကြောင်းပြောချင်တာဖြစ်တယ်လို့သူမက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက စပြီး တရုတ်နယ်စပ် မံစီမြို့နယ်ရှိ အင်ဘာပါ၊ ဒိန်ဆင်းပါ ဒေသတွေမှာ မြေရှားသတ္တုတိုးချဲ့တူးဖော်ဖို့ စမ်းသပ်လုပ်ငန်းတွေကို KIO အစိုးရက တရုတ်ကုမ္ပဏီတွေကို ခွင့်ပြုခဲ့ပါတယ်။

ဒါကြောင့် သဘာ၀နယ်မြေနှင့် သမိုင်းအမွေအနှစ်၊ ဘိုးဘွားပိုင် မြေယာပျက်စီးထိခိုက်သွားမှာကို စိုးရိမ်တဲ့ ဒေသခံလူထုတွေဟာ ဒီစီမံကိန်းကို ပြင်းပြင်းထန်ထန် စတင်ကန့်ကွက်လာတာ ဖြစ်ပါတယ်။

ဒေသခံ ပြည်သူတွေ နည်းမျိုးစုံ နဲ့ စီမံကိန်းကို ကန့်ကွက်ခဲ့ပြီးနောက် ၅ လခန့်အကြာမှာတော့ မံစီမြို့နယ်ရှိ အင်ဘာပါ၊ ဒိန်ဆင်းပါ၊ ဒိန်ဆင်းဘွမ်၊ ကျိန်းလပ်ပါ၊ ခပရာ၊ ဒရောန်း၊ ဖိုင်းဒန်း၊ ခအူ စတဲ့ ကျေးရွာဒေသတွေမှာရှိတဲ့ စီမံကိန်းအားလုံးကို KIO ဥက္ကဋ္ဌ အမိန့်နဲ့ ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မံစီ ၊ မိုးမောက် ၊ လွယ်ဂျယ်တစ်ဝိုက် အင်ခေါင်းပါဘက်မှာ မရပ်မနား မြေရှားသတ္တုတူးဖော်နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက စလို့ စိန်လုံတောင် (Sinlum) ဗျဲန်ဝိုင်ကျေးရွာက လဂတ် (Lagat Bum) တောင်မှာ မြေရှားသတ္တုပြန်လည် တူးဖော်နေတာ ဖြစ်ပါတယ်။

လက်ရှိ စိန်လုံတောင်အနီး ဗျဲန်ဝိုင်ကျေးရွာက မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းကိုလည်း ဒေသခံပြည်သူတွေက သဘောတူညီခြင်း မရှိပဲ ကန့်ကွက်နေကြပါတယ်။

ဗျဲန်ဝိုင်ကျေးရွာ ပြည်သူတွေအသက်မွေးဝမ်း ကျောင်းပြုနေတဲ့ ရှောက်ကော၊ ပါကောခြံတွေအားလုံး ထိခိုက်နေတာကြောင့်နဲ့ KIA ပိတ်ဆို့မှုနဲ့ လုပ်ငန်းခွင်သို့ သွားလာခွင့်မရနေတဲ့ ဒေသခံတွေ အခက်ကြုံနေရ ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button