သတင်း

မိုးသက်လေပြင်းကြောင့်ပျက်စီးသွားတဲ့ တနိုင်းစိန်ဂျိုးဇက်စစ်ရှောင်စခန်းက အဆောင်ပြုပြင်ဖို့ အကူညီလိုအပ်နေ

မိုးသက်လေပြင်းကြောင့်ပျက်စီးသွားတဲ့ တနိုင်းမြို့ စိန်ဂျိုးဇက်စစ်ရှောင်စခန်းက စစ်ဘေးရှောင်တွေရဲ့အဆောင် ပြုပြင်ဖို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

တနိုင်းမြို့မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က မိုးသက်လေပြင်းကျရောက်ခဲ့ပြီး အချိန် ၁ နာရီဝန်းကျင်ကြာအောင် မိုးသီးအဆက်မပျက်ကျခဲ့တဲ့အတွက် စစ်ရှောင်စခန်းထဲက အဆောင် ၈ ဆောင် အိမ်ခေါင်မိုးတွေပျက်စီးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆောင်တွေမပြုပြင်နိုင်သေးတဲ့အတွက် စစ်ရှောင်ပြည်သူတွေဟာ အခက်အခဲတွေ ကြုံနေရပြီး မိုးရွာတဲ့ချိန် အိုး၊ ခွက်၊ ပလက်စတစ်တွေခံပြီး အဆင်ပြေသလို ဖြေရှင်းနေရကြတယ်လို့  စစ်ရှောင်အမျိုးသမီးတစ် ယောက်က KNG ကို ပြောပါတယ်။

“မိုးရွာတဲ့ညတွေဆိုရင် ခြင်ထောင်ပေါ်တွေမှာ ပလက်စတစ်ခံထားတာတို့၊ အိုးတွေ၊ ခွက်တွေခံပြီး အိပ်ကြရတာ၊ ပြီးခဲ့တဲ့ တစ်ပတ် နှစ်ပတ်လည်း မိုးတွေဆက်တိုက်ရွာ၊ ဒီနေ့ဆိုရင်လည်း မိုးတွေ အုံ့နေတော့ ဘယ်အချိန် မိုးရွာလာမလဲဆိုပြီး စိုးရိမ်နေရတာပေါ့”လို့ ပြောပါတယ်။

မိုးသီးကြောင့် ထိခိုက်ပျက်စီးသွားတဲ့ စစ်ရှောင်စခန်းအဆောင်တစ်ခုမှာနေအိမ် ၅ အိမ်ကနေ ၁၀ အိမ်ထိရှိပြီး ကုန်ကျစရိတ်အလွန်များတာကြောင့် စစ်ရှောင်တွေအနေနဲ့ ကိုယ်ထူကိုယ်ထပြန်လည်ပြုပြင်ဖို့မလွယ်ကူတာကြောင့်  ပြုပြင်နိုင်ခြင်းမရှိသေးတာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ရှောင်တွေအနေနဲ့ ပျက်စီးသွားတဲ့အဆောင် ၈ ဆောင်အိမ်ခေါင်မိုးတွေ ပြုပြင်လှဲလှယ်ဖို့ ဂရုဏာဖောင်ဒေးရှင်း KMSS အဖွဲ့ကို ပြီးခဲ့တဲ့ မတ်လမှာ စာတင်ပြခဲ့ပေမယ့် အကြောင်းပြန်လာတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဂရုဏာဖောင်ဒေးရှင်း KMSS ကို ဆက်သွယ်မေးမြန်ကြည့်ရာ မိုးတွင်းကာလမရောက်မှီ အတက်နိုင်ဆုံးပြန်လည်ပြုပြင်ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ဒီမိုးသီးကြောင့် ပျက်စီးသွားတဲ့ အိမ်အမိုးအကာက လုံးဝအစကနေပြန်ပြင်ရမဲ့ဟာက အဆောင် ၈ ဆောင်ပေါ့နော်၊ ပြီးတော့ မိုးတွင်းမှာ ဖြတ်ကျော်ဖို့ ဆိုတာ တော်တော်ခက်ခဲမှာဖြစ်တဲ့အတွက် ဆိုတော့ ကျွန်တော်တို့ဘက်က သွပ်ပြားတွေကို ဒီနှစ် မိုးတွင်းမရောက်ခင် ဒီအရာအတွက် သီးသန့်ခေါင်းစဉ်ကြီးနဲ့ လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်”လို့ ပြောပါတယ်။

ဂရုဏာဖောင်ဒေးရှင်းအနေနဲ့လည်း စစ်ရှောင်စခန်းအတွင်း တစ်ခြားလိုအပ်တဲ့ အရာတွေကိုလည်း ဆက်လက် ဖြည့်ဆည်းလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ တနိုင်းစစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၁၃၀ ၊ လူဦးရေ ၆၀၀ ကျော်ရှိပြီး အဲ့ဒီစစ်ရှောင်ပြည်သူတွေဟာ ၂၀၁၈ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်လာတာကြောင့် အောင်လောဒ့်၊ နောင်ယန်း၊ ဆွတ်အောင် စတဲ့ ကျေးရွာက ထွက်ပြေးတိမ်း ရှောင်လာကြတဲ့ ပြည်သူတွေဖြစ်ပါတယ်။

By – BU BU

Show More

Related Articles

Back to top button