တိုက်ပွဲသတင်း

ချီဖွေ၊ ပန်ဝါဘက်စစ်ကြောင်းထိုးလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား

ဝိုင်းမော်မြို့ကနေ ချီဖွေ၊ပန်ဝါဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား မနေ့က တစ်ရက်ထဲတိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂ ဖက်တပ် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် စစ်ကောင်စီတပ်နဲ့ပြည်သူ့အဖွဲ့အင်အား ၁၀၀ ကျော်ရှိတဲ့ယာဉ်တန်း ဝိုင်းမော်ဘက်နေ ချီဖွေ၊ ပန်ဝါဘက်ကို စစ်ကြောင်းထိုးတက်လာတဲ့အချိန် မံဝိန်းကြီးရွာနဲ့ ဆိုင်လော်ရွာကြား KIA ဂိတ်စခန်းအနီးနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

မံဝိန်းကြီးနဲ့ ဆိုင်လော်ကြားမှာဖြစ်ကြတယ်။ အဲဒီဘက်မှာလည်း KIA တပ်တွေက ဂိတ်ထိုင်ပြီးရှိနေကြတာဖြစ်တဲ့အတွက် ဒီဘက်ကစစ်အင်အားအလုံးအရင်းနဲ့ တက်လာတဲ့ ခုခံတိုက်တဲ့သဘောပါ။ ဖြစ်တဲ့နေရာကလည်း မံဝင်းကြီးရွာအနီး KIA ဂိတ်တစ်ခုရှိတဲ့ အနီးမှာဖြစ်တယ်လို့ကြားတယ်။ အဲဒီ KIA ဂိတ်မှာက စစ်အင်အားနည်းနည်းပဲရှိတယ်လို့ ထင်တယ်။ ခဏပစ်ကြပြီး ဝိုင်းမော်ဘက်က တက်လာတဲ့ စစ်ကြောင်းက အထက်ဘက်ကို ဖြတ်သွားနိုင်တယ်လို့ ပြောပါတယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မံဝိန်းကြီးအနီးက KIA ဂိတ်စခန်းမှာ စစ်အင်အားအနည်းငယ်သာရှိနေတဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုခဏသာဖြစ်ပွားခဲ့ပြီးနောက် KIA ဂိတ်စခန်းကိုစစ်ကောင်စီယာဉ်တန်းအဖွဲ့တွေက မီးရှို့ဖျက်ဆီးသွား တယ်လို့လည်း သိရပါတယ်။

စစ်ကား ၃ စီးနဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ မံဝိန်းရွာအနီးတိုက်ပွဲဖြစ်ပွားပြီးနောက် ချီဖွေ၊ ပန်ဝါဘက်ကို ဆက်ပြီးစစ်ကြောင်းထိုးသွားခဲ့ကာ စစ်အင်အားသွားပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်အင်အားပို့ပြီး ချီဖွေ၊ပန်ဝါဘက်ကနေ ဝိုင်းမော်ဘက် ပြန်ဆင်းလာတဲ့ စစ်ကား ၃ စီးကို ဧပြီလ ၁၉ ရက်နေ့ မနေ့ ညနေပိုင်း ၅ နာရီနဲ့ ၆ နာရီကြား KIA တပ်ဘက်က မုတ်ကြိတ်ရွာနဲ့လမြန်ရွာကြား ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကားတစ်စီးတိမ်းမှောက်သွားပြီး KIA တပ်တွေ မီးရှို့ဖျက်ဆီးပေးလိုက်တယ်လို့ ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

မနက်ပိုင်းမှာ စစ်အင်အားသွားပို့ပြီး ပြန်လာတဲ့ ကား ၃ စီးကို KIA တပ်တွေက ပြန်တိုက်တာ ကားတစ်စီးက မှောက်လှဲသွားပြီး မီးရှို့ပေးလိုက်တယ်။ မနက်ပိုင်းတက်သွားတဲ့အချိန်မှာက ယာဉ်တန်းထဲမှာက စစ်ကားနဲ့ အိမ်စီးကားတွေပါတယ်။ ဒါပေမယ့် ညနေပိုင်း ပြန်ဆင်းလာတဲ့အချိန်မှာက ၃ စီးထဲပြန်ဆင်းလာတယ်။ မနေ့က ဖြစ်တဲ့ အခြေအနေက အဲလိုဟုတ်တယ်လို့ပြောပါတယ်။

စစ်အင်အားပို့ပြီး ပြန်ဆင်းလာတဲ့ အိမ်စီးကားတစ်စီး၊ စစ်ကား ၂ စီး ထဲက အိမ်စီးကားက KIA ရဲ့ တိုက်ခိုက်ခံရတဲ့ နေရာမှာ တစ်စစီမီးလောင်ပျက်စီးသွားပြီး ကျန်ရှိတဲ့ စစ်ကား ၂ စီးက ဝူယာန်ပြည်သူ့စစ်စခန်းထဲကို ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

လမြန်ရွာနဲ့ မုတ်ကြိတ်ရွာကြား တိုက်ခိုက်ခံရတဲ့နေရာမှာ KIA ဘက်ကကားတစ်စီး မီးရှို့ဖျက်ဆီးပေးလိုက်သလို လက်နက်ခဲယမ်းတစ်ချို့ကိုလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

လမြန်နဲ့ မုတ်ကြိတ်ကြား တိုက်ပွဲဖြစ်ပွားတဲ့ အနီးတဝိုက်ပတ်လည်ဘက်မှာ ခလရ ၅၈ တပ်ရင်းက လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေက ညတွင်းချင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ ဧပြီလ ၁၉ ရက်နေ့ တစ်ရက်ထဲမှာ တိုက်ပွဲ ၂ နေရာဖြစ်ပွားခဲ့ပြီး ည ၁၀ နာရီနောက်ပိုင်းမှ လက်နက်ကြီးသံတွေ ငြိမ်သက်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက ချီဖွေ၊ ပန်ဝါဘက်ကို စစ်အင်အားတိုးချဲ့လာတာဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ချီဖွေနဲ့ ဆော့လော်ကြားမှာရှိတဲ့ နယ်ကြားစောင့်တပ်တွေရဲ့ တပ်စခန်းတစ်ချို့ကို KIA တပ်တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်တာတွေရှိလာတာကြောင့် စစ်ရေးလှုပ်ရှားလာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေက သုံးသပ်နေကြပါတယ်။

KIA တပ်တွေက ဧပြီလဆန်းပိုင်းအတွင်းမှာ ချီဖွေနဲ့ ဆော့လော်ကြားမှာရှိတဲ့ နယ်ကြားစောင့်တပ် မျောမော်(Myaw Maw) စခန်းအပါ ၃ နေရာလောက်ကို KIA တပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားတာတွေရှိနေပါတယ်။

ဒါ့အပြင် ဆော့လော် မြို့တွင်းအခြေစိုက် ခလရ ၂၉၈ တပ်ရင်းမှူး ဒုဗိုလ်မှူး အောင်ကျော်ကျော်ဆိုသူ ကိုလည်း KIA တပ်တွေက ဧပြီလ ၆ ရက်နေ့မှာ မြို့တွင်းထဲကနေ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ဒါ့ကြောင့် လက်ရှိမှာ စစ်ကောင်စီတပ်ဘက်က ချီဖွေ၊ ဆော့လော်၊ ပန်ဝါဒေသဘက်ကို စစ်အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားတွေ လုပ်ဆောင်လာတာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button