မြေယာနှင့် သဘာဝပတ်ဝန်းကျင်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ပြည်သူတစ်ဦးချင်းမှာတာဝန်ရှိတယ်လို့ သဘာဝပတ်ဝန်း  ကျင်အရေးလှုပ်ရှားသူတွေဆို

စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ခေါင်းစဉ်အမျိုးမျိုးနဲ့သသာဝပတ်ဝန်းကျင် ပျက်စီးစေနိုင်တဲ့လုပ်ငန်းတွေကိုတွင်တွင်ကျယ်ကျယ်လုပ်လာကြတယ်လို့သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ကျောက်စိမ်းတူးဖော်မှု၊ ရွှေတူးဖော်မှု၊ မြေရှားတူးဖော်မှုတွေကို အာဏာမသိမ်းခင်ကတည်းက လုပ်လာကြပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့နေရာဒေသအနှံ့ပိုပြီးလုပ်ဆောင်လာတယ်လို့ ကချင် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရှောက်ရေးအဖွဲ့ Kachin Environmental Group ( KEG )ကတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“အရင်တုန်းကတည်းကလည်း  ရှိခဲ့တယ်၊ ဒါပေမဲ့ ဒီအာဏာသိမ်းပြီးနောက်မှာ ပိုတွေ့လာရတာပေါ့၊ ပြောရမယ်ဆိုရင် မြစ်ဆုံအထက်ဘက်တွေမှာဆိုရင် ရွေတူးဖော်တာတွေ ပိုလုပ်လာကြတယ်၊ မြစ်ရေတွေဆိုရင်လည်း ပိုညစ်လာတယ်၊ မြေရှားတူးတဲ့အတွက်ကြောင့်လည်း မြေဆီလွှာတွေ ခြောက်သွေ့ပျက်စီးလာရတယ်၊ ပလက်စတစ်တွေ အသုံးများလာတယ်၊ စနစ်တကျမလုပ်ကိုင်တော့ ထိခိုက်မှုတွေအများကြီးရှိလာတယ်”လို့ ပြောပါတယ်။

ခုလို သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးလာရတာဟာ ရွှေအလွန်အကျွံတူးဖော်မှု၊ တရုတ်သစ်သျှူးငှက် ပျောစိုက်ပျိုးမှု၊ ကျောက်စိမ်းတူးဖော်မှု၊ မြေရှားတူးဖော်မှု၊ ပလက်စတစ်တွေလို တာထက်ပိုသုံးနေတာတွေကြောင့် ဖြစ်ပါတယ်လို့ ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ဥပဒေအရ ထိထိရောက်ရောက် အရေးယူလုပ်ဆောင်တာတွေမရှိပေမဲ့ ကိုယ်ကျိုးအတွက်လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ပြည်သူတွေအနေနဲ့ ကန့်ကွက်မှု လုပ်ဆောင်တာတွေက ထိရောက်မှုရှိနိုင်တယ်လို့လည်း  KEG ကတာဝန်ရှိသူက ဆက်ပြောပါတယ်။

“အခုဒီအချိန်က ကြားကာလဖြစ်တဲ့အတွက် ဒီလိုကိစ္စနဲ့ ပတ်သတ်ပြီး အရေးယူတာတွေမရှိဘူး၊ ပြည်သူတွေဘက်ကဘဲ ကန့်ကွက်စာတွေတင်ပြတယ်၊ ကန့်ကွက်ကြတယ်ဆိုတာလောက်ဘဲရှိတာ၊ ဒီပြဿနာတွေ ဖြေရှင်းပေးဖို့ တာဝန်ယူပေးမဲ့သူလည်းမရှိဘူး၊ ဒါပေမဲ့ ဒီတစ်ချို့ကျေးရွာတွေ မှာဆိုရင် ဒေသခံပြည်သူတွေ အားတွန်ခွန်စိုက် ကန့်ကွက်လုပ်ဆောင်တာတွေကြောင့် လုပ်ငန်းရပ်သွားတာမျိုးတွေရှိတယ်”လို့ပြောပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဖို့ရန်နဲ့ သဘာဝဘေးအန္တရာယ်ကနေ ကာကွယ်စောင့်ရှောက်နိုင်ရန် နှစ်ဖက်အစိုးရကတာဝန်ရှိသလို ပြည်သူလူထုတစ်ဦးတစ်ယောက်ချင်းစီမှာလည်း တာဝန်ရှိတဲ့အတွက် ထိခိုက်မှုမရှိအောင် ဘယ်လိုနည်းစနစ်နဲ့ လုပ်ဆောင်သင့်လည်းဆိုတာကို အတူပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့ ကျရောက်တဲ့ ၅၄ နှစ်မြှောက် “ကမ္ဘာမြေနေ့” မှာ ကချင် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရှောက်ရေးအဖွဲ့ KEG ကနေပြီးတော့ ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း ကချင်ပြည်နယ်ထဲက ပူတာအို၊ တနိုင်း၊ ချီဖွေ၊ မိုးညှင်း၊ ဗန်းမော်၊ မြစ်ကြီးနား၊ ဖားကန့်၊ ဝိုင်းမော်စတဲ့မြို့နယ်တွေ တရားမဝင်ရွှေတူးဖော်တာတွေ အရင်ကထက် ပိုမိုများလာပြီး ဒီလုပ်ငန်းတွေအားလုံးနီးပါးမှာ လက်နက်ကိုင်အဖွဲ့စည်းတွေနဲ့ လုပ်ငန်းရှင်တွေလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button