တိုက်ပွဲသတင်း

ဆယ်ဇင်းစစ်တပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေဆဲ

ဖားကန့်မြို့နယ် ဆယ်ဇင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲ ၃ ရက်ကြာမြင့်လာပေမယ့် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား ဧပြီလ ၂၂ ရက် ဒီနေ့အထိ ၂ ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။

ဆယ်ဇင်းတပ်စခန်းဖြစ်တဲ့ ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၂၀ ရက်နေ့စတင်တိုက်ခိုက်ခဲ့ပြီး ၃ ရက်မြောက်ကြာတဲ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဆယ်ဇင်းဒေသ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

တိုက်ပွဲဖြစ်တာက ၃ ရက်လောက်ရှိလာပြီ။ ပစ်လိုက်နားနဲ့ ၂ဖက်က တိုက်ပွဲတော့ဖြစ်နေဆဲဖြစ်တယ်။ စစ်တပ်ဘက်က နောက်မဆုတ်သေးတဲ့အတွက် စခန်းက ဒီကနေ့အထိ မသိမ်းနိုင်သေးဘူး။ KIA ဘက်ကတော့ လက်နက်ချဖို့ပြောနေတာပဲလို့ပြောပါတယ်။

ဆယ်ဇင်းတပ်စခန်းကို KIA က တပ်ဆုတ်သွားဖို့ သတိပေးပြောဆိုထားပေမယ့် တပ်ဆုတ်သွားတာမရှိတဲ့အတွက် KIA ဘက်က တပ်စခန်းကို ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဆယ်ဇင်း ခမရ ၁၁၆ တပ်ရင်းဟာ ဆယ်ဇင်းကျေးရွာရဲ့ ရွာထိပ်ပိုင်းမှာရှိပြီး ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်သားအပါ စစ်အင်အား ၈၀ ဝန်းကျင်လောက်နဲ့ တပ်ချထားတဲ့ တပ်စခန်းအကြီးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဆယ်ဇင်းတိုက်ပွဲမှာ ဆယ်ဇင်းကျေးရွာရဲ့ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်စခန်းတွေကနေ လက်နက်ကြီး ပစ်ကူပေးတဲ့အပြင် လေကြောင်းနဲ့လည်း လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သုံးရက်ကြာလာတဲ့အထိ KIA ဘက်ကနေ စခန်းသိမ်းပိုက်နိုင်ခြင်းမရှိသေးတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာတော့ ဆယ်ဇင်းရဲစခန်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတာဖြစ်ပြီး ၁၀ ရက်ကျော်အကြာမှာ ဆယ်ဇင်းတပ်စခန်းကို ပြန်လည်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။

ဆယ်ဇင်ဒေသခံပြည်သူတွေက ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းလောက်ကနေ KIA ရဲ့ ညွန်ကြားချက်နဲ့ ဘေးလွတ်တဲ့နေရာဘက်ကို ယာယီခဏတိမ်းရှောင်းထားခိုင်းတယ်လို့လည်းသိရပါတယ်။

ဧပြီလ ၁၁ ရက်နေ့မှာလည်း မြစ်ကြီးနားဖားကန့်သွားလမ်းမှာရှိတဲ့ နန့်ယားတပ်စခန်းကို KIA တပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button