စစ်ရေးသတင်း

နဘားလမ်းဆုံမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ် အင်းတော်မြို့ထဲဆုတ်ခွာ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားလမ်းဆုံမှာတပ်ထိုင်ပြီး စစ်ဆေးရေးတင်းကြပ်နေတဲ့ စစ်ကောင်စီတပ်က အင်းတော်မြို့တွင်းဘက်ကို ပြန်ပြီးဆုတ်ခွာသွားတယ်လို့ အင်းတော်မြို့ဒေသခံတွေကနေ သိရပါတယ်။

ရွှေဘိုမြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ နဘားလမ်းဆုံ ဒေသအခေါ်(ဂျပန်လှိုင်ဂူ)ထဲမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းနေထိုင်တဲ့ တပ်မ ၇၇ လက်အောက်ခံတပ် အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ပြီးခဲ့အပတ်ကစပြီး အင်းတော်မြို့တွင်းတပ်ထဲကို ဆုတ်ခွာသွားတာဖြစ်တယ်လို့ အင်းတော်မြို့နေ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

နဘားလမ်းဆုံအဖွဲ့ကတော့ပြန်ဆုတ်သွားပြီ အကုန်ဆုတ်သွားတယ်။ ပြန်လာမလားမလာတော့ဘူးလား တော့မပြောတတ်ဘူး။ ဆုတ်တာတော့အကုန်ဆုတ်သွားပြီခြေလျှင်တော့ မဟုတ်ဘူးကားနဲ့ ဆုတ်သွားတာလို့သူကပြောပါတယ်။

ရွှေဘို– မြစ်ကြီးနားကားလမ်းပိုင်း နဘားလမ်းဆုံမှာတပ်စွဲခဲ့တဲ့ အဲဒီစစ်ကောင်စီတပ်တွေဟာ ကုန်ကား၊ခရီးသည်ကားတွေကို စစ်ဆေးရေးတင်းကြပ်တဲ့အတွက် မကြာခနဆိုသလို အရပ်သားတွေကို ဖမ်းဆီးနေတဲ့ဂိတ်ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကနေတာက လှိုင်ဂူထဲမှာနေတာပေါ့ ဒါပေမယ့် အထဲကနေထွက်လာပြီး ကားလမ်းမပေါ်မှာ ထွက်ထွက်ပြီး စစ်တာဆေးတာလုပ်တယ်။ မထင်ရင်မထင်သလိုတခါတလေအရမ်းစစ်တယ် CDM တွေလည်းဖမ်းခံရတာရှိတယ်။ အဲ့မှာ ဘယ်နှစ်ယောက်လည်းတော့မမှတ်မိတော့ဘူး ဖမ်းခံရတာတွေခနနရှိတယ်လို့ အင်းတော် PDF နဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီစစ်ဆေးဂိတ်ဟာ အချက်အချာကျတဲ့ နဘားလမ်းဆုံနေရာမှာတပ်ထိုင်ပြီးစစ်ဆေးနေတာကြောင့် ဒေသခံ၊ခရီးသွားတွေသွားလာရအခက်အခဲဖြစ်စေခဲ့ပြီး အခုလိုတပ်ဆုတ်သွားတာ အရပ်သားတွေအတွက်သွားရေးလာရေး အဆင်ပြေသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

နဘားအထိုင်တပ် အင်းတော်မြို့ထဲကိုပြန်လည်ဆုတ်ခွာသွားတဲ့နောက်ပိုင်းကနေစပြီး ဒီရက်ပိုင်းအတွင်း အင်းတော်မြို့ပတ်ပတ်လည်မှာရှိတဲ့ မိုးယူ၊ ကျော်ရွာ၊စက်ကုန်းရွာစတဲ့ကျေးရွာတွေဘက်ကိုအင်အား ၃၀ ကျော်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း စစ်ရေးလှုပ်ရှားနေတာကြောင့် ဒေသခံအချို့တိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်။

ဧပြီလ ဒုတိယအပတ်ကစပြီး တပ်ဆုတ်သွားတဲ့နဘားလမ်းဆုံအထိုင်တပ်စခန်းဟာ ၂၀၂၁ ခုနှစ် ခုနှစ်ကတည်းက စတင်တပ်စွဲခဲ့တာလို့ သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button