တိုက်ပွဲသတင်း

ဆယ်ဇင်း ခမရ ၁၁၆ တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်ပြီး ရှင်းလင်းရေးဆောင်ရွက်နေ

စစ်ကိုင်း နဲ့ ကချင်အစပ်မှာရှိတဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာက စစ်ကောင်စီတပ် ခမရ ၁၁၆ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်နေပြီလို့KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဆယ်ဇင်းကျေးရွာရဲ့ ရွာထိပ်ပိုင်းမှာတပ်ချထားတဲ့ ခမရ ၁၁၆ တပ်စခန်းကို ဧပြီလ ၂၀ ရက်နေ့စပြီး KIA ပူးပေါင်းတပ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၄ ရက်အကြာ ဧပြီလ  ၂၃ ရက်နေ့ည ၁၁ နာရီဝန်းကျင် စစ်ကောင်စီတပ်တွေ စခန်းထဲကနေ တပ်ဆုတ်သွားတာကြောင့် စခန်းကိုအပြီးသတ်သိမ်းလိုက်ကြပြီဖြစ်တယ်လို့ ဆယ်ဇင်း KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

ည ၁၁ နာရီလောက်မှာ သိမ်းလိုက်ပြီ။ စစ်တပ်ဘက်ကနေ တပ်တွင်းထဲကနေဖယိုဖရဲထွက် ပြေးသွားကြတယ်။ အဲဒီတပ်စခန်းမှာက စစ်အင်အား ၈၀ ဝန်းကျင်လောက်ရှိတယ်။ သူတို့ရဲ့တပ်စခန်းနေရာထဲဝင်ပြီး အကုန်ရှင်းလင်းလိုက်ပြီလို့ ဆိုပါတယ်။

KIA ပူးပေါင်းတပ်တွေသိမ်းပိုက်လိုက်တဲ့ ဆယ်ဇင်းတပ်စခန်းမှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့စစ်ကောင်စီတပ်သား စုစုပေါင်း စစ်အင်အား ၈၀ ဝန်းကျင်လောက်ရှိပြီး တိုက်ပွဲအတွင်း စစ်သားတစ်ချို့ စစ်ကိုင်းဘက်ကို ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ KIA ဘက်ကတပ်စခန်းကို သိမ်းပိုက်ပြီဖြစ်ပေမယ့် တပ်စခန်းကနေ ဆယ်ဇင်းကျေးရွာထဲ ညတွင်းချင်း ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတစ်ချို့ကို လိုက်လံရှာဖွေပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဆင်ဇင်းစခန်းသိမ်းတိုက်ပွဲ ၄ ရက်အတွင်း ၂ ဖက်တပ်ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး အခြေနေအတိအကျမသိရသေးပေမယ့် ဧပြီ ၂၃ ရက်နေ့ နေ့လည်ပိုင်း စစ်ကိုင်းဘက်ခြမ်းက စစ်ကူဝင်ရောက်လာတဲ့ ရှမ်းနီ SNA တပ်တွေကို KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ချိန် ရှမ်းနီ SNA တပ်သား ၅ ဦးသေဆုံးခဲ့တာရှိတယ်လို့  KIA သတင်းအရင်းအမြစ်တွေကပြောပါတယ်။

ဆယ်ဇင်းစစ်တပ်စခန်းက စစ်ကောင်စီတပ်သားတွေကို KIA ပူးပေါင်းတပ် ဘက်ကနေ ပြီးခဲ့တဲ့ မတ်လအတွင်းလက်နက်ချအညံ့ခံဖို့ သတိပေးပြောဆိုထားပေမယ့် တပ်ဆုတ်သွားတာမရှိတာကြောင့် ဧပြီလ ၉ ရက်နေ့မှာ တပ်စခန်းနဲ့ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဧပြီလ ၁၀ ရက်နေ့နမှာ ဆယ်ဇင်းရဲစခန်းကိုသာ သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဖက်တပ်တို့အကြား ၁၀ ရက်ကျော်အကြာ စစ်ရေးတင်းမာခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဧပြီလ ၂၀ ရက်နေ့မှာ KIA ပူးပေါင်းဘက်ကနေ ဆယ်ဇင်းတပ်စခန်းဖြစ်တဲ့ ခမရ ၁၁၆ တပ်စခန်းကို တစ်ဖန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၄ ရက်အကြာမှာသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ဆယ်ဇင်းစစ်ကောင်စီတပ်စခန်းဟာ စစ်ကိုင်းနဲ့ ကချင်အစပ်မှာရှိတဲ့ တပ်စခန်းဖြစ်ပြီး စစ်ကိုင်းဘက်ကနေ ဖားကန့်ကို သွားတဲ့ လမ်းကြောင်းမှာတည်ရှိနေတာကြောင့် စစ်ရေးအရအလွန်အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ ဖားကန့် ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

တာမခံ၊ ကသိုဏ်းတောင်တွေမရှိတော့ဘူးဆိုတော့ သူတစ်ခုထဲကျန်နေတာဖြစ်တယ်။ အဲဒီတစ်စခန်းကိုလည်း KIA တပ်တွေက ပြန်ပြီးသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ စစ်တပ်ကင်းစင်သွားပြီဖြစ်တယ်။ ကျနော်တို့ KIA ဘက်က လွတ်လွတ်လပ်လုပ်ငန်းဝင်လို့ရသွားပြီလို့ပြောပါတယ်။

ဒါ့အပြင် ဆယ်ဇင်းတပ်စခန်းဟာ ပြီးခဲ့တဲ့ မတ်လအတွင်း သိမ်းပိုက်ထားပြီဖြစ်တဲ့ တာမခံနဲ့ ကသိုဏ်းတောင် စစ်တပ်စခန်းနဲ့ တစ်ကြောမှာရှိတဲ့ တပ်စခန်းတွေဖြစ်ပြီးတော့ ဒီတပ်စခန်းအားလုံးဟာ ဖားကန့်မြို့ရဲ့ လုံခြုံရေးတပ်စခန်းတွေဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဆယ်ဇင်းဒေသခံပြည်သူတွေက လက်ရှိ ဟိုပင်၊ မိုးညှင်း၊ တာမခံနဲ့ ဖားကန့်မြို့ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button