တော်လှန်ရေးတပ်ပေါင်းစုသတင်း

KIA တပ်ဖွဲ့ဝင်တွေကို နမ့်အွမ်ရွာကနေ ထွက်ပေးဖို့ TNLA စာပို့ ဖိအားပေး

ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်ဖတ်ကာအထက်ရှိ နမ့်အွမ်ကျေးရွာရှိ KIO/KIA တပ်ဖွဲ့ဝင်တွေကို ဧပြီလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်သွားဖို့ TNLA က ပြောဆိုထားတယ်လို့ နမ့်အွမ်ရွာ KIO တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က စာပို့ နဲ့တကွ ပြောဆိုလာတာလို့ သိရပါတယ်။

ဒီနေရာက  အထက်အမိန့်အရ ကျနော်တို့သိမ်းပိုက်ထားပြီး တပ်စွဲနေတာဟုတ်တယ်။ လို့ နမ့်အွမ်ကျေးရွာ KIO တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

လက်ရှိ KIO တပ်ချနေတဲ့နေရာဟာ နမ့်အွမ်ကျေးရွာ၊ မူဆယ်နမ့်ဖတ်ကာ ကားလမ်းမဘေး၊ ပြည်သူ့စစ် ခေါင်းဆောင်တစ်ဦးရဲ့ ဓါတ်ဆီဆိုင်နေရာ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

KIA က နမ့်ဖတ်ကာကျေးရွာကို သိမ်းပိုက်ပြီးနောက် အဲ့ဒီနေရာမှာ တပ်စွဲလိုက်ပြီး လက်ရှိ လုံခြုံရေးကင်း နဲ့ ရုံးတပ်ချနေတယ်လို့ ဆိုပါတယ်။

TNLA က အရင်ကလည်း အခုလို ပြောဆိုမှုမျိုးရှိခဲ့ပေမယ့် အခုချိန်မှာတော့ ဆီဆိုင် ပိုင်ရှင်ရဲ့ တောင်းဆိုမှုကြောင့်ဆိုတဲ့ ပုံစံနဲ့ စာပို့လာတယ်လို့ ဒေသတွင်း KIO တာဝန်ရှိသူတွေက တဆင့် သိရပါတယ်။

နမ်အွမ်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးကလည်းအခု KIO ရှိနေတဲ့နေရာက ပြည်သူ့စစ်ခေါင်ဆောင်တစ်ဦးရဲ့ ဆီဆိုင်ကြီး ဖြစ်တယ်။  အဲ့ဒီဆီဆိုင်က လမ်းမကြီးဘေးမှာ ဟုတ်တယ်။ အကျယ်အဝန်းကျယ်တယ်။ ဆောက်လုပ်ထားတဲ့ အိမ် ၊ အဆောက်အဦးလည်း ခိုင်ခိုင်မာမာရှိတာ ဆိုတော့ KIO ကို ထွက်သွားခိုင်းနေတာပေါ့။ KIO ကတော့ မထွက်ပေးတော့ အခုအတင်းအမာ ဖြစ်နေတာပေါ့။ အစကတည်းက အကြိမ်ကြိမ်မောင်း ထုတ်နေတာ ဟုတ်တယ်။လို့ ပြောပါတယ်။

TNLA ဘက်က အင်အား ၁၀၀ ခန့်နဲ့ ပြီးခဲ့တဲ့ ရှေ့ရက်တွေကလည်း လာရောက် ဖိအားပေးခဲ့ဖူးတယ်လို့ ဒေသခံတွေဘက်က ပြောပါတယ်။

ကွတ်ခိုင် နဲ့ မူဆယ်မြို့ကြားရှိ နမ့်ဖတ်ကာခိုမုန်းနမ့်အွမ်တီးမား စတဲ့ ကျေးရွာတစ်လျှောက်မှာ KIA ဂိတ်ချတဲ့ နေရာတွေမှာ TNLA တပ်ဖွဲ့ကလည်း အနီးကပ်နေရာယူခဲ့ပြီးနောက် အချင်းချင်း အချေအတင် ဖြစ်လာတာလို့ သိရပါတယ်။

ဒေသခံတွေကတော့ ကျေးရွာနယ်နိမိတ်ထဲ ဘယ်လက်နက်ကိုင်ကိုမှ နေရာမယူစေချင်ဘူးလို့ ပြောပါတယ်။

နမ့်အွမ်ရှိ KIO/KIA တပ်ဖွဲ့ကို ထွက်ခွာဖို့ TNLA က ဖိအားပေးနေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး PSLF/TNLA ပြောရေးဆိုခွင့်အဖွဲ့ ကို ဆက်သွယ်မေးမြန်းရာ ဌာနမှူး လွေးယေဦးက ဒီကိစ္စကို မကြားသိရသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်ကျော်က ကွတ်ခိုင်ရှိ KIO ရုံးကို ထွက်ခွာသွားဖို့ TNLA ပြောဆိုခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်တပ် အခြေအနေတင်းမာခဲ့တဲ့ ဖြစ်စဉ်မှာ ပြေလည်မှုရရှိသွားပြီလို့ PSLF/TNLA ပြန်ကြားရေး ဌာနမှုး လွေးယေဦးက ပြောဆိုခဲ့ပါတယ်။

ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာနဲ့ တီးမားတစ်ဝိုက် ‘KIO ထိန်းချူပ် သစ်တောနယ်မြေကန့်သတ်ချက် ဆိုင်းဘုတ်တွေကိုလည်း TNLA က လိုက်လံဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၁၄ ရက်နေ့ကလည်း နမ့်ဖတ်ကာ KIO မီးသတ်အဖွဲ့က နမ့်မောချောင်းမှာ မီသတ်ကား ရေဖြည့်နေစဉ် TNLA တပ်သား တစ်ချို့ရောက်လာပြီး အဲဒီချောင်းဟာ TNLA ပိုင်နက်ဖြစ်တာကြောင့် ရေမဖြည့်ရဆိုပြီး တားမြစ်ခဲ့ပြီးနောက် TNLA တပ်သားတွေက ရေဖြည့်နေတဲ့ ကျေးရွာ ဝန်ထမ်း ၃ ဦးကို ရိုက်နှက်ခဲ့တဲ့အပြင် မီးသတ်ကားကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ အဲ့ဒီနေ့က ရိုက်နှက်ခံရသူ ၃ ဦးထဲက တစ်ဦးမှာ သတိလစ်သွားပြီး ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။

အဲဒီနောက် မီးသတ်တပ်ဖွဲ့ ဝန်ထမ်းတွေကို သေနတ်ပစ် ခြိမ်းခြောက်ပြီး ကိုယ်ထိလက် ရောက်ကျူးလွန်ခဲ့တဲ့ TNLA တပ်သားတွေနဲ့ ဖြေရှင်းဖို့ ရောက်ရှိလာတဲ့ KIA တပ်ဖွဲ့ဝင်တွေနဲ့ အနီးနားမှာ ရေကစားနေတဲ့ လော့ခွမ်ရွာက တအန်း လူငယ်တစ်ချို့ ရိုက်နှက်မှုဖြစ်စဉ် ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းမြောက်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အောက်ခြေတပ်ဖွဲ့တွေကြား ပြဿနာတွေကြောင့် စိုးရိမ်မှု ကြုံတွေ့နေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button