သတင်း

တနိုင်းမှာ မုန်တိုင်းနဲ့မိုးသီးကျလို့ နေအိမ် ၁၀၀ ကျော်ပျက်စီး

တနိုင်းမြို့နယ်အထက်ပိုင်းမှာ လေမုန်တိုင်းပြင်းထန်ပြီးမိုးသီးကျလို့ ကျေးရွာ ၄ ခုက အိမ်ခြေ ၁၀၀ ကျော်ခန့် ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဧပြီလ ၂၃ ရက်နေ့ ည ၈နာရီခွဲလောက်မှာ တနိုင်းမြို့ရဲ့ ချောင်းတစ်ဖက်ကမ်းမှာရှိကြတဲ့ လမုန်၊ ပန္နက်၊ မကောနဲ့ ဓါတ်ဆီရွာစတဲ့ ကျေးရွာ ၄ မှာ မုန်တိုင်းထန်ပြီးမိုးသီးကျလို့ အိမ်ခြေ ၁၀၀ ကျော် အိမ်ခေါင်မိုး ပေါက်ပြဲသွားတဲ့အပြင် လူနေအိမ်တစ်ချို့ အမိုးတွေပွင့်ထွက်သွားတယ်လို့ တနိုင်းဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

လေမုန်တိုင်းနဲ့ မိုးသီးကြွေကျတာက တနိုင်းမြို့တစ်ဖက်ကမ်းကို မရောက်ဘူး။ လမုန်ရွာအထိပဲရောက်ပြီးပြန်ရပ်သွားတယ်။ မနေ့ညက မိုးလည်းတအားကြီးသလို မိုးသည်းလည်းကြီးတယ်။ မကောလည်းထိတယ် လမုန်လည်းထိတယ်။ အဆိုးဆုံးက ပန္နက်က အဆိုးဆုံးဖြစ်တယ်လို့ပြောပါတယ်။

လေမုန်တိုင်းနဲ့ မိုးသီးကျလို့ ပျက်စီးသွားတဲ့ ရွာ ၄ ရွာထဲက ပန္နက်ကျေးရွာက ထိခိုက်ပျက်စီးမှုအဆိုးဆုံးဖြစ်ပြီး အိမ်ခြေ ၂၀ ကျော်ရှိတဲ့ထဲကနေ အိမ်ခြေအားလုံးနီးပါးခန့်နေလို့မရအောင် ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

မိုးသီးကျခဲ့တဲ့ ရွာ ၄ ရွာဟာ မကောရွာ အိမ်ခြေ ၃၈ ခု၊ လမုန်ရွာ အိမ်ခြေ ၄၀၀ ကျော်၊ ပန္နက်ရွာ ၂၁ အိမ်နဲ့ ဓါတ်ဆီကမ့်ရွာမှာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး လက်ရှိ အဲဒီကျေးရွာတွေထဲက စုစုပေါင်း အိမ်ခြေ ၁၀၀ ကျော်ခန့်က နေလို့မရအောင် ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါကြောင့် လက်ရှိမှာ ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေက ပျက်စီးသွားတဲ့ အိမ်ခေါင်မိုးတွေကို ပြန်လည်ပြုပြင်ရေးတွေ လုပ်ဆောင်နေကြပေမယ့် ငွေကြေးမတတ်နိုင်တဲ့ မိသားစုဝင်တွေက မိုးကာများအသုံးပြုပြီး နေထိုင်နေကြတယ်လို့ တနိုင်းဒေသခံ အမျိုးသားက ဆက်ဆိုပါတယ်။

သွပ်ပြားပါးတဲ့ အိမ်တွေ၊ သက်ကယ်တွေနဲ့ မိုးထားတဲ့ အိမ်တွေဆို တစ်ခုမှမကျန်ဘူး အကုန်ပါသွားတယ်။ သွပ်ပြားထူတဲ့ အိမ်တွေတောင် မညီမညာဖြစ်သွားတယ်။ အခုက ဒေသခံတွေ ဘယ်လို ခက်ခဲနေကြသလဲဆိုတော့ မထင်မှတ်ဘဲ ဖြစ်သွားတာဖြစ်တဲ့အတွက် နေဖို့ထိုင်ဖို့က တော်တော်ခက်ခဲသွားတယ်။ ငွေကြေးအဆင်ပြေတဲ့ တစ်ချို့ကတော့ သွပ်ပြားတွေဝယ်ပြီး ပြန်ပြုပြင်နေကြပြီလို့ပြောပါတယ်။

လက်ရှိ လေမုန်တိုင်းနဲ့ မိုးသီးဒဏ်ကြုံတွေ့နေရတဲ့ ကျေးရွာ ၄ ခုက ဒေသခံပြည်သူတွေက အဓိက တောင်ယာလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်စားသောက်ကြတဲ့ အခြေခံလူတန်းစားတွေသာဖြစ်တာကြောင့် နေအိမ် ပြန်လည်ပြုပြင်ရေးလုပ်ငန်းကို အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ ခက်ခဲနေကြတယ်လို့ ဆက်ပြောပါတယ်။

ဒါကြောင့် ငွေကြေးတတ်နိုင်တဲ့ သူတွေအနေနဲ့ ကျေးရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ကူညီပါဝင်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒီကနေ့မှာတော့ ကျေးရွာအတွင်းတွေမှာ လေမုန်တိုင်းကြောင့် ကျိုးကျပျက်စီးသွားတဲ့ သစ်ကိုင်း သစ်ပင်တွေကို ဌာနဆိုင်ရာ KIO အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီးတော့ ကျေးရွာရှင်းလင်းရေးတွေ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button