သတင်း

ဖားကန့်မှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သတ်ခံရ

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ဧပြီလ ၂၄ ရက်‌နေ့ ညနေ ၄ နာရီဝန်းကျင် မှော်ဝမ်းရပ်ကွက်ဈေးနားမှာ အမည်မသိ လူ ၃ ဦးက ဆိုင်ကယ်နဲ့လာပြီး ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ယောက်ပြောပါတယ်။

သူကခြေကျင်နဲ့ ဟုတ်တယ်၊ ဟို သုံးယောက်က ဆိုင်ကယ်နဲ့ အဲ့တာသူ့ကို ခနလိုက်ခဲ့မေးစရာရှိတယ်ဆိုလား အဲ့တာနဲ့ ခေါ်သွားတာ၊ မော်ဝမ်းဈေးနားရောက်တော့ သူက ဆိုင်ကယ်ပေါ်က ဆင်းပြေးတဲ့ချိန် သေနတ်နဲ့ လိုက်ပစ်သတ်လိုက်တာလို့ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ပစ်သတ်ခံရသူဟာ အသက် ၃၄ နှစ်အရွယ် မီးသတ်တပ်ဖွဲ့က ဦးသန့်ဇင်ဦးဆိုသူဖြစ်ပြီး နောက်စေ့၊ ကျောနဲ့ဝမ်းဗိုက်နေရာ ၃ခုမှာ ကျည်ထိမှန်ခဲ့ပြီးတော့ အခင်းနေရာမှာဘဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။

နောက်ထပ် အမျိုးသားတစ်ယောက်ကလည်းသူ့ကိုဖမ်းခေါ်သွားတဲ့ချိန် ရဲစခန်းရောက်ခါနီး ရွက်လှကုန်စုံဆိုင်ရှေ့မှာ ရောက်တော့ အော်ပြီး ထွက်ပြေးတဲ့ အတွက် သတ်လိုက်တာ၊ ဘာကြောင့် သတ်တာလဲ၊ ဘယ်သူတွေ သတ်တာလဲဆိုတာလည်း မသိရဘူးလို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA သွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် ကားလမ်းပိုင်းကို ပြန်ဖွင့်ပေးလိုက်တဲ့နောက် ကားလမ်းပိုင်းမှာ အမျိုသားတစ်ယောက် သေဆုံးနေတဲ့ ရုပ်အလောင်းလည်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ ဖားကန့်ဒေသအတွင်း အရပ်သားပြည်သူတွေ သေဆုံးမှု မကြာခဏ ဖြစ်ပွားနေပြီး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တိုင်းမှာ ပြစ်မှူကျူးလွန်သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း ရွှေ့ပြောင်းလာရောက်နေထိုင်သူတွေများလာတဲ့ ဖားကန့်နယ်မြေမှာ စစ်တပ်ကိုယ်၌ မသင်္ကာတဲ့အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေအပြင် ခိုးဆိုး၊လုယက်မှူတွေကြောင့် သတ်ဖြတ်ခံရသူတွေ လတိုင်း ရှိနေတဲ့မြို့နယ်ဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button