စစ်ရေးသတင်း

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် နေအိမ်ထိခိုက်ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်သေဆုံးတာတွေရှိနေ

ဝိုင်းမော်မြို့နယ် ခကွမ်ရွာ(Hka Krum Mare)အနီးမှာရှိတဲ့ ခလရ ၅၈ တပ်ရင်းက ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ပြည်သူပိုင်နေအိမ်တစ်ချို့ထိခိုက်ပျက်စီးတာအပြင် အိမ်မွေးတိရိစ္ဆာန်သေဆုံးတာလည်းရှိနေတယ်လို့ သိရပါတယ်။

ဧပြီလ ၂၃ ရက်နေ့ မနေ့က တစ်ရက်ထဲမှာပဲ ခလရ ၅၈ တပ်ရင်း လက်နက်ကြီးနဲ့နေ့ညမပြတ် ပစ်ခတ်နေတာကြောင့် လမြန်နဲ့ မုတ်ကြိတ်ကြား လက်နက်ကြီးကျည် ၁၀ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့  ဝိုင်းမော်ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

အခုလေးတင် ပစ်နေသေးတယ်။ မနေ့ကလည်း တစ်ရက်လုံးပစ်နေလို့ လမြန်နဲ့ မုတ်ကြိတ်ရွာ ၂ခုကြားမှာ လက်နက်ကြီး ၁၀ ကျော်ကျတယ်။ လူကတော့ ထိခိုက်သေဆုံးတာမရှိဘူး။ ဒါပေမယ့် ရွာလယ်မှာကျလို့ အိမ်တွေပျက်စီးသွားတယ်။ မီးကြိုးတွေလည်း ပြတ်သွားတယ်။ တိရိစ္ဆာန်တွေသေတယ်လို့ပြောပါတယ်။

လမြန်၊ မုတ်ကြိတ်၊ ဝူယာန်စတဲ့ ကျေးရွာတွေဟာ ဝိုင်းမော်ချီဖွေဆဒုံးသွားတဲ့လမ်းမပေါ် ခလရ ၅၈ တပ်ရင်းရဲ့အထက်ဘက် တစ်ဆက်တည်းရှိတဲ့ကျေးရွာတွေဖြစ်ပြီး ဒီရက်ပိုင်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေဆက်တိုက်ရှိနေတယ်လို့ ဝိုင်းမော်ဒေသခံတွေ ပြောပါတယ်။

ဧပြီလ ၂၃ ရက် မနေ့ တစ်ရက်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မုတ်ကြိမ်ရွာက နေအိမ် ၂ လုံးထိခိုက်ပျက်စီးသွားပြီး လမြန်ကျေးရွာက ဘာသာရေးကျောင်းဆောင်တစ်ခုနဲ့ နေအိမ် ၅ လုံးအထက် ခေါင်မိုးတွေ ပေါက်ပြဲပျက်စီးသွားတယ်လို့ပြောပါတယ်။

ဒါ့အပြင် လမြန်ကျေးရွာထဲက ဆိတ်ခြံတစ်ခုမှာလည်း ကျမှန်ပေါက်ကွဲပြီး ဆိတ် ၅ ကောင်ထက်မနည်း ထိခိုက် သေဆုံးမှုရှိခဲ့တယ်လို့လည်းသိရပါတယ်။

ခုလို စစ်တပ်ဘက်က ကျေးရွာပြည်သူတွေရှိတဲ့ဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတာဟာ လမြန်နဲ့ မုတ်ကြိတ်ရွာအနီး တဝိုက်  KIA ပူးပေါင်းတပ်တွေနေရာယူထားပြီး စစ်ရေးလှုပ်ရှားတာတွေရှိနေတာကြောင့် ခြောက်လန့် ပစ်ခတ်နေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA တပ်ကြား စစ်ရေးတင်းမာနေတာ ၁ လကျော်လောက်ရှိလာပြီး လက်ရှိမှာ ဝိုင်းမော်မြို့နဲ့ နီးကပ်တဲ့ ကျေးရွာတွေအထိ ပစ်ခတ်မှုတွေလုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်မယ့်နေရာမရှိအခက်အခဲကြုံတွေ့နေရတယ်လို့ သူက ဆက်ဆိုပါတယ်။

နှစ်ဖက်တပ်ကတော့ စစ်ရေးတင်းမာနေကြတာ ဒုက္ခာရောက်နေတာက ကျနော်တို့ ပြည်သူတွေပဲ ကြားကနေ ခံစားနေရတယ်။ ထွက်ပြေးမယ့်နေရာလည်း မရှိတော့ဘူး။ တစ်ချို့တွေဆိုရင် အိမ်စောင့်တောင်မရှိတော့ဘူး။ အကုန်ထွက်ပြေးသွားကြပြီလို့ပြောပါတယ်။

လမြန်နဲ့ မုတ်ကြိတ်ကျေးရွာ ၂ ခု မှာ ခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုဖြစ်လာတာဟာ ဧပြီလ ၁၉ ရက်နေ့ ဝိုင်းမော်မြို့နယ်ဘက်က ပြည်သူ့စစ်အပါ စစ်အင်အား ၁၀၀ ကျော်ရှိတဲ့ ယာဉ်တန်းတစ်ခု ချီဖွေ၊ ပန်ဝါဘက်ကို တက်သွားတဲ့ မံဝင်းကြီးနဲ့ ဆိုင်လော်တစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်။

အဲဒီတစ်ရက်ထဲမှာပဲ ချီဖွေ၊ ပန်ဝါဘက်ကို စစ်အင်အားပို့ချပြီး ပြန်လာတဲ့ စစ်ကား ၃ စီးက လမြန်နဲ့ မုတ်ကြိတ် မှာ KIA ရဲ့ တိုက်ခိုက်ခံရပြီး စစ်ကားတစ်စီး ပျက်စီးသွားတာဖြစ်တယ်။

အလားတူ ဧပြီလ လဆန်းပိုင်းမှာလည်း ဝူယန်ပြည်သူ့စစ်ဂိတ်ပစ်ခံရပြီး နှစ်ဖက်တပ်အကြား အပြန်လှန်နေအိမ်မီးရှို့ကြတဲ့ဖြစ်စဉ်ရှိခဲ့သလို လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button