သတင်း

ပန်းတင်တံတားမှာ လိုင်စင်မဲ့ကားတွေဖမ်းဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်မှာလိုင်စင်မဲ့ကားတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရတာကြောင့် ဖားကန့်ဘက်ပြန်ဆုတ်ခွာသွားတယ်လို့ ကာကွယ်ရေးတပ်တွေကနေ သိရပါတယ်။

ဒီနေ့ ဧပြီ ၂၄ ရက်နေ့ မနက် ၆နာရီဝန်းကျင် ဖားကန့်တပ်မကုန်းကနေ ဆင်းလာတဲ့ စစ်ကြောင်းဟာ ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်မှာ လိုင်စင်မဲ့ကားတွေကိုစစ်ဆေးဖမ်းဆီးနေချိန် ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖားကန့်KPDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

ဟုတ်တယ် မနက်က ဒီကောင်တွေပန်းတင်တံတားမှာလပြီး Without ကားတွေကိုဖမ်းဆီးစစ်ဆေးနေတာ အဲ့တာကို ဒီဘက်က ကျနော်တို့ကလေးတွေ(ဖားကန့် pdf)တွေက ဒရုန်းနဲ့သွားပစ်ခတ်ခဲ့တာ။ သူတို့ချက်ချင်းပြန်ဆုတ် သွားပါတယ်လို့ ပြောပါတယ်။

ဒီစစ်ကြောင်းဟာ ဖားကန့် ခမရ (၁၁၉) တပ်ကဖြစ်ပြီး အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပြီး ဖမ်းဆီးထားတဲ့ ကား၂ စီးကိုတော့ သော့တွေဖြုတ်သိမ်းသွားတာကြောင့် လက်ရှိအချိန်ထိ ကား ၂ စီး ပန်းတင်တံတားထိပ်မှာ ရပ်ထားဆဲလို့သိရပါတယ်။

၂ စီးတော့ဖမ်းထားကြတယ်  အခုထိတော့လာမယူသေးဘူး စောင့်ကြည့်နေတာ သူတို့လာယူမလားဆိုတာလို့ မျက်မြင်တွေ့တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

ပန်းတင်တံတားထိပ်မှာ စစ်ကောင်စီတပ်သားတွေဟာ အရပ်သားတွေကိုစစ်ဆေးတာ၊ဖမ်းဆီးတာတွေအပြင် လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေဖမ်းဆီးတာမျိုးလည်း မကြာခနပြုလုပ်နေတာဖြစ်ပါတယ်။

အဲနေရာ မကြာမကြာစစ်တယ် တစ်ခါတစ်လေ လူဖမ်းဆီးခံရတာလည်းရှိတယ် ကားတွေကတော့အဓိက ပိုက်ဆံပေးပြီးရင် ပြန်လွတ်ပေးကြတာဘဲ ဒီမနက်ဖမ်းခံရတဲ့ကားတော့ရှိသေးတယ်လို့ ပြောကြတယ်လို့ မှော်ဝမ်းရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ဖားကန့်မှာစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမကြာခန တိုက်ခိုက်ခံရနေရတဲ့နောက်ပိုင်း လယ်ပြင်စုပေါင်းဂိတ်၊ လုံးခင်းနှစ်မျက်နှာဘုရားရှေ့ကဂိတ်တွေအပြင်အခြား စစ်ဆေးရေးဂိတ်တွေအများအပြားကို စစ်ကောင်စီတပ်ပြန်လည်ရုပ်သိမ်းသွားခဲ့ပြီဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button