သတင်း

မိုးညှင်း၊ဟိုပင်၊မိုးကောင်းမြို့အဝင်အထွက်နေရာတွေမှာ မောင်းတံဂိတ်လုပ်ပြီးငွေကြေးကောက်ခံနေ

ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့ အဝင်အထွက်နေရာတွေမှာ စည်ပင်သာယာရေးဌာနကဦးစီးပြီးဂိတ်တွေလုပ်ကာ ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဧပြီလ ၁ ရက်နေ့ကစပြီး မိုးညှင်းမြို့၊ ဟိုပင်မြို့၊ မိုးကောင်းမြို့အဝင်အထွက်နေရာတွေမှာ အရပ်ဝတ် ဝတ်ထားတဲ့လူတစ်ချို့နဲ့အတူ SNA တပ်ဖွဲ့ဝင်တွေဂိတ်ထိုင်ပြီး ငွေကြေးကောက်ခံနေတဲ့အပြင် ဂိတ်အနီးနေရာယူ စစ်ဆေးပေးတာတွေလုပ်နေတယ်လို့ ဟိုပင်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

ဟိုပင်မှာဆို  နေရာတောင်ရှိတယ်၊ အဲ့ဒီဂိတ်တွေမှာ လူငှားပြီး စောင့်ခိုင်းတယ်၊ တစ်ရက်ကိုတစ်သောင်းရတယ်လို့ ပြောတယ်၊ SNA ကတော့ မိုးညှင်း၊ မိုးကောင်းဘက်ဂိတ်တွေမှာဆို တစ်ခါတလေ ထိုင်တယ်၊ ဟိုပင်မှာကျတော့ ဂိတ်အနီးမှာနေရာယူပြီး လာစောင့်တာမျိုးတွေရှိတယ်၊ အဲ့ဒီ မောင်းတံဂိတ်မှာထိုင်တဲ့သူတွေလည်း သူတို့နဲ့ နီးစပ်သူတွေလည်း ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

အခွန်ကောက်ခံနေတဲ့ ဂိတ်နေရာကတော့ မိုးညှင်းမြို့မှာ ၃ နေရာ၊ ဟိုပင်မြို့ ၄ နေရာ၊ မိုးကောင်းမြို့ ၃ စုစုပေါင်း ၁၀ နေရာရှိပြီး မိုးညှင်းဂိတ်မှာ SNAအဖွဲ့ဂိတ်ထိုင်လေ့ရှိတယ်လို့ သိရပါတယ်။

မိုးညှင်းမှာက ညောင်ကုန်းဘက်အထွက် ဘီအိုစီဓာတ်ဆီဆိုင်ဘေးမှာတစ်ခု၊ မန္တလေးဘက်အထွက် အောင်မြင် ၁ ဓာတ်ဆီဆိုင်ဘေးမှာတစ်ခုရှိတယ်၊ ပြီးရင် ဘီလူးမြို့ လမ်းဘက်တစ်ခုရှိတယ်၊ အဲ့တာက စည်ပင်သာယာ တွေလုပ်ထားပြီး SNA တွေက အဲ့မှာ ထိုင်ကူတာ၊ အတူပူးပေါင်း ကောက်စားကြတာထင်တယ်” လို့ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီဂိတ်တွေဟာ စည်ပင်သာယာရေးဌာနက ဦးဆောင်ပြီး SNA တွေနဲ့အတူ ပူးပေါင်းကောက်ခံနေတယ်လို့ပြောဆိုနေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မိုးညှင်းစည်ပင်ကို KNG က ဆက်သွယ်မေးမြန်းရာမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ ကချင်ပြည်နယ် စစ်ကောင်စီအစိုးရရုံးချုပ်မှာ လေလံစွဲထားတာကြောင့် စည်ပင်တွေအနေနဲ့ လေလံလုပ်ပေးရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့တာက ပြည်သူတွေထဲကဘဲ သူတို့က လုပ်ချင်တယ်ဆိုပြီး မြစ်ကြီးနားမြို့ အစိုးရရုံးချုပ်မှာစာတင်ပြတော့ အစိုးရကခွင့်ပြုတဲ့အတွက် စည်ပင်တွေက လေလံလုပ်ပေးရတာပေါ့၊ ဥပမာ လေလံက သိန်း ၁ထောင်ဆိုရင် အဲ့ဒီလေလံလုပ်တဲ့သူတွေထဲက အများဆုံးပေးနိုင်တဲ့သူက တစ်နှစ်အတွင်း အဲ့ဒီပိုက်ဆံကို စည်ပင်ကို သွင်းရမှာပေါ့ လို့ပြောပါတယ်။

ဒီဂိတ်တွေမှာ ဘာသာရေးနဲ့ဆိုင်တဲ့ကားမှအပ ကျန်တဲ့လိုင်စင်ပါတဲ့ကားတွေ၊ လိုင်စင်မပါတဲ့ကားအားလုံး ဂိတ်တစ်ခုမှာ ကားတစ်စီးကို  ၅၀၀ ကျပ်ပေးဆောင်ရပြီး ကားကြီးတွေက ၅၀၀၀ ပေးရတယ်လို့ဆိုပါတယ်။

အလားတူ မိုးကောင်းမြို့ အဝင်အထွက်နေရာတွေမှာဂိတ်တစ်ခုရှိပြီး မိုးကောင်းမြို့ ကချင်နှစ်ခြင်း ကျမ်းစာကျောင်းဘေး ဂိတ်နေရာရဲ့ ပေ ၁၀၀ အကျော်လောက်မှာတော့ SNA တွေကိုယ်တိုင် စခန်းချပြီး နေနေကြတယ်လို့ ဆိုပါတယ်။

ခုလို ဂိတ်တွေများလာတာကြောင့် ဒေသခံပြည်သူနဲ့၊ ခရီးသွားပြည်သူတွေအတွက် အဆင်မပြေမှုဖြစ်စေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် မိုးညှင်းနဲ့ မိုးကောင်း မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတစ်ချို့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်တွေက ခရီးသွားပြည်သူတွေကို သွားလာရေးခက်ခဲအောင်လုပ်ဆောင်နေပြီး ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိပါတယ်။

မိုးညှင်း၊ဟိုပင်၊မိုးကောင်းမြို့တွေဟာ မြစ်ကြီးနားမန္တလေးသွားတဲ့ ပြည်ထောင်စုလမ်းမပေါ် ကြီးပေါ်မှာရှိတဲ့မြို့တွေဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button