သတင်း

ပူတာအိုမှာဓာတ်ဆီတစ်ပုလင်းကျပ် ၂ သောင်း၊ ငရုပ်သီးတစ်ဗူး ၃၀၀၀ ကျပ်အထိစျေးမြင့်တက်

ကချင်ပြည်နယ် ပူတာအိုဒေသမှာဓာတ်ဆီတစ်ပုလင်း ကျပ် ၂ သောင်းကျပ်အထိ အခြေခံစားသောက်ကုန်တွေလည်း စျေးအဆမတန်စျေးမြင့်တက်နေတယ်လို့ သိရပါတယ်။

ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ ၁ လကျော်ကြာမြင့်လာပြီးတဲ့အချိန် ပူတာအိုမြို့နယ်မှာ အခြေခံစား သောက်ကုန်နဲ့စက်သုံးဆီပြတ်လပ်လာနေသလို လက်ကျန်သိုလှောင်ရောင်းချသူတွေလည်း အဆမတန်စျေးတင် ရောင်းနေတာကြောင့် လက်ရှိ ဓာက်ဆီတစ်ပုလင်းကျပ် ၂၀၀၀၀ ဝန်းကျင်အထိပေးဝယ်နေရတယ်လို့ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဆီပန့်ဆိုင်တွေကတော့မရောင်းတော့ဘူးပိတ်နေတာ ၂ ပတ်လောက်ရှိနေပြီ အခုက အပြင်ပုလင်းချိန်ဆိုင်လေးတွေ လောက်ပဲ ပုလင်းလေးထောင်ပြီးရောင်းတာ တစ်ပုလင်းကို ၁၇၀၀၀ ရောင်းတာရှိတယ် တချို့ဆိုင်တွေက ၁၈၀၀၀ အထိတောင်ရှိတယ် လမ်းမဖွင့်ရင်တော့ထပ်တက်ဖို့ပဲရှိမှာပေါ့ ၂၀၀၀၀ တောင်ကျော်လာနိုင်တယ်လို့ အသက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။

ပူတာအိုမြို့ပေါ်က ဆီပန့်ဆိုင်ကြီးတွေပိတ်နေတာ ၂ ပတ်နီးပါးရှိလာပြီဖြစ်ပြီး လက်ရှိပုလင်းချိန်ရောင်းနေသူတွေဟာ လမ်းပိတ်ခါစက ဆီပန့်ဆိုင်ကြီးတွေဆီကနေ လက်ကားယူထားပြီးတဆင့်ရောင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

အလားတူဆန်နဲ့အခြားသော အခြေခံစားသောက်ကုန်တွေလည်း အရင်ကထက်စျေးထက် ၁၀ ဆခန့်စျေးတက်နေတယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

စားသောက်ကုန်တွေက ပြတ်လပ်သွားတာမျိုးတော့မရှိဘူး လေယာဥ်နဲ့လာလို့လေ ဒါပေမယ့်စျေးအရမ်းကြီးတယ် ကြက်ဥက ၃လုံး ၅၀၀၀ ငရုပ်သီးက တစ်ဗူးကို ၃၀၀၀ ရှိတယ် ဒါတွေဘယ်ကမလဲ ခရမ်းချဥ်သီးဆို သုံး၊လေး လုံးလောက်ကို ၅၀၀၀ တဲ့လို့ သူကပြောပါတယ်။

ခုလိုကုန်းကြောင်းကနေကုန်တွေအဝင်ရပ်တန့်သွားတာကြောင့် ပူတာအိုမြို့နယ်ထဲမှာ အရင်ကဆန်တစ်အိတ်ကျပ် ၈၀၀၀၀ ခွဲ ကနေ လက်ရှိ ကျပ် ၁၈၀၀၀၀ ကနေ ကျပ် ၂၀၀၀၀၀၊ ခရမ်းချဥ်သီးတစ်ပိသာ ကျပ် ၄၀၀၀ ကနေ လက်ရှိ ကျပ် ၂၀၀၀၀ ဝန်းကျင်အထိစျေးတက်နေပြီး လိုသလောက်ဝယ်မရဘူးလို့လည်း ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် ပူတာအိုဒေသမှာ မေလကစပြီး တောင်သူတွေလယ်ယာထွန်ယက်ရမယ့်ရာသီဖြစ်ပေမယ့် အခုလိုစက်သုံးဆီတွေစျေး တက်နေတာကြောင့် လိုသလောက်ဝယ်မရနေပြီး အခက်ခဲ ဖြစ်နေကြတယ်လို့ လည်း လုံးစွတ်ရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောပါတယ်။

အများပိုင်းကတော့ဒီဧပြီလ နောက်ဆုံးပတ် မေလဆိုရင်ထွန်ကြပြီလေ မေလဆိုရင်အားလုံးလယ်ထွန်ကြပြီ အရင်ခေတ်လိုနွားတွေဘာတွေနဲ့မထွန်ကြတော့ဘူး။ ဒီနောက်ပိုင်းကစက်နဲ့ပဲထွန်ကြတာလေး အခုဒီဇယ်က ကြိုတင်မဝယ်ထားတဲ့လူဆိုရင်ဘယ်မှာမှမရတော့ဘူး လယ်မထွန်နိုင်တော့ဘူးလေးအများကြီးပဲ ဆီမရှိလို့လယ်မထွန်းဘုးပြောတဲ့လူတွေလို့သူကပြောပါတယ်။

ခုလို လယ်ယာထွန်ယက်ရမယ့်ရာသီမှာစက်သုံးဆီပြတ်လပ်ပြီးစျေးတက်နေလို့ လယ်ယာ ထွန်ယက်သူတွေလျော့ကျသွားတာကြောင့် လာမယ့်နှစ်ပူတာအိုဒေသမှာ ဒေသထွက်ဆန်၊ စပါးတွေစျေးတက်နိုင်တယ်လို့လည်းဒေသခံတွေကသုံးသပ်နေပါတယ်။

ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းမှာ ရှိတဲ့ ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာ မတ်လ ၈ ရက်နေ့ညပိုင်းကတည်းစစ်ကောင်စီတပ်နှင့် KIAKPDF တွေကြားတိုက်ပွဲ မတ်လ ၉ ရက်နေ့မနက်ကတည်းက နှစ်ဖက်တပ်တွေက ပိတ်ထားတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button