သတင်း

ဆယ်ဇင်း စခန်းသိမ်းတိုက်ပွဲမှာ အိမ်ခြေ ၂၀ ကျော်ထပ်ပြီး မီးရှို့ဖျက်ဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအခြေစိုက် စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်စခန်းသိမ်းတိုက်ပွဲမှာ အိမ်ခြေ ၂၀ ကျော် ထပ်မံ မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

ဆယ်ဇင်း ရွာဦးထိပ်ရှိ စစ်ကောင်စီ ခမရ (၁၁၆) တပ် နဲ့ SNA ပူးပေါင်းတပ်စခန်းကို KIA ၊ KPDF ပူးပေါင်းတပ်တွေက ဒုတိယအကြိမ် တိုက်ခိုက်သိမ်းပိုက်မှုဖြစ်စဉ်မှာ အိမ်ခြေ ၂၀ ကျော် မီးလောင် ပျက်စီးသွားတယ်လို့ ဆယ်ဇင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

”နေအိမ်တွေက ပျက်စီးတာတော့ရှိတယ်ဗျ အနည်းအကျဥ်းတော့ အိမ်ကတော့အလုံး ၂၀ ကျော် လောက်ပျက်စီးသွားတယ်လို့ ကြားရတယ်။ ခုလောလောဆယ်ရွာသားတွေဝင်လို့တော့ မရသေးဘူး စခန်းနဲ့နီးတဲ့အိမ်တွေ လေး၊ငါး လုံးပါသွားတယ်ဗျ မီးရှို့ခံတာရ” လို့ သူက ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေ ဆယ်ဇင်းရဲစခန်းနဲ့ စစ်တပ်စခန်းကုန်းတွေကို ထိုးစစ် စတင်တဲ့ ဧပြီ ၁၀ မှ ဧပြီ ၂၃ ရက်နေ့အထိ အိမ်ခြေ ၂၃ လုံး မီးလောင်သွားတယ်လို့ ဆိုပါတယ်။

”အဲ့ဒီစစ်တပ်ကုန်းနဲ့ နီးတဲ့ ချမ်းသာအေးနဲ့ အမှတ် ၅ ရပ်ကွက်ထဲက နေအိမ်တွေပါသွားတယ် ဘယ်သူဘယ်ဝါတွေရဲ့ အိမ်ပါသွားတယ်ဆိုတာမျိုး အတိအကျတော့ မသိနိုင်သေးဘူး” လို့ အထက်ပါ ဆယ်ဇင်းစစ်ရှောင် အမျိုးသားက ပြောပါတယ်။

ဧပြီ ၂၃ ရက်ည ဆယ်ဇင်းကျေးရွာကို KIA ဘက်က ထိန်းချုပ်ထားပေမယ့် အရပ်သားနေရပ်ပြန်ခွင့် မပြုသေးဘူးလို့ ဆယ်ဇင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

”လောလောဆယ်တော့ ဘယ်သူမှမဝင်ကြသေးဘူး အခုရွှေတောင်ကျော်မှာစစ်ရှောင်နေကြတယ် KIA တွေဘက်က မဝင်ခိုင်းသေးတာ မဝင်လာကြနဲ့အုံးတဲ့” လို့ အထက်ပါအမျိုးသမီး က ပြောပါတယ်။

ဆယ်ဇင်းကျေးရွာမှာ လက်ရှိ နယ်မြေရှင်းလင်းရေးတွေဆောင်ရွက်နေဆဲ ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း စစ်ကြောင်းပြန်ထိုးလာနိုင်လို့ ဒေသခံတွေကို နေထိုင်ခွင့်မပြုသေးဘူးလို့ ဖားကန့် KPDF ဘက်က ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းက ဆယ်ဇင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့စဉ် အိမ်ခြေ ၆၇၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ် ပထမအကြိမ် မီးရှို့ဖျက်ဆီးခံရတုန်းက နေအိမ်တွေထဲက အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်သာ ပြန်လည်ထူထောင်ရေးပြန်လုပ်နိုင်ချိန် အခုဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးခံရတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဆယ်ဇင်းကျေးရွာ ဧရိယာအနီးဝန်းကျင်တော့ ဒီဇင်ဘာလ ၂၃ ရက်နေ့ သိမ်းပိုက်လိုက်တဲ့ ဆယ်ဇင်းစစ်ကောင်စီ ပူးပေါင်းတပ်စခန်းကုန်းနဲ့ ဆယ်ဇင်းကျေးရွာနဲ့ ၃ မိုင်ကျော်ဝေးတဲ့ သံယောဇဥ်မှော်မှာ ထိုင်ထားတဲ့ SNA တပ်စခန်း ၂ခု သာရှိပြီး လက်ရှိ သံယောဇဥ်မှော်ထဲက SNA တပ်စခန်းတစ်ခုကျန်နေသေးတယ်လို့ သိရပါတယ်။

ဧပြီ ၂၃ ရက်နေ့ဆယ်ဇင်း ခမရ ၁၁၆ တပ်စခန်းကုန်းတိုက်ပွဲမှာ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ ခမရ ၁၁၆ စစ်သားတွေနဲ့ SNA စစ်သားတွေလည်း လက်ရှိ ကချင်စစ်ကိုင်းအစပ် သံယောဇဥ်မှော်ထဲက စခန်းကုန်းမှာ ပူးပေါင်းတပ်ထိုင်နေတယ်လို့ ဟုမ္မလင်း PDF ဘက်က အတည်ပြု ပြောဆိုထားပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ၂၀၂၃ နှစ်ကုန်ပိုင်းကနေစပြီး ဖားကန့်မြို့နယ်ထဲ စခန်းသိမ်းတိုက်ပွဲ ဆက်တိုက်ဆင်နွဲလာရာ လက်ရှိ ရှေ့တန်းစခန်းအများအပြား သိမ်းပိုက်ထားသလို ဝှေခါ၊ တာမခံ၊ ဆယ်ဇင်း၊ နန့်ယားစတဲ့ကျေးရွာတွေကိုလည်း ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button