တော်လှန်ရေးတပ်ပေါင်းစုသတင်း

MNDAA က မုံးကိုး KIO ရုံးကို ချိတ်ပိတ် ၊ ကချင် မနောင်ကွင်း ခန်းမဆောင် ဆောက်လုပ်မှုကိုလည်း တားမြစ်

ရှမ်း​ပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရုံးတစ်ခုကို ကိုးကန့်  MNDAA တပ်က ချိတ်ပိတ်လိုက်တဲ့အပြင် ကချင်ရိုးရာယဉ်ကျေးမှု မနောင်ကွင်း ခန်းမဆောင် ဆောက်လုပ်ခွင့်ကိုလည်း ပိတ်ပင်ထားတယ်လို့ မုံးကိုး ဒေသခံတွေ ပြောပါတယ်။

မုံးကိုးမြို့ ၊ ခဆန် (hka san) ရက်ကွက်ရှိ ကချင်စာပေနှင့်ယဉ်ကျေးမှု ရိုးရာမနောင်ကွင်းမှာ ခန်းမဆောင် ဆောက်လုပ်ဖို့ ဒေသခံပြည်သူတွေက ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့နှစ်ခုကို အကြောင်းကြားထားပြီး ဆောက်လုပ်ရေးအတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ ဧပြီလ ၂၂ ရက်နေ့ မနက် ၁၀ နာရီမှာ ကိုးကန့် MNDAA တပ်ဖွဲ့က ခန်းမဆောင် ဆောက်လုပ်ခွင့် မပေးနိုင်ကြောင်း ဖြုတ်သိမ်းဖို့ လာရောက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၃ ရက်နေ့မှာလည်း ကိုးကန့်တပ်ဖွဲ့ ထပ်မံရောက်ရှိလာပြီး မုံးကိုးမြို့ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ကို ခန်းမဆောက်လုပ်ရေးအတွက် သယ်ယူထားတဲ့ သဲကျောက်ပုံတွေကို ၃ ရက်အတွင်း အကုန်ရှင်းလင်းလိုက်ဖို့ လာရောက် သတိပေးပြောဆိုခဲ့တယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“မုံးကိုးမှာက ဘာလဲတောင် မသိတော့ဘူး။ ဘာကြောင့် ပိတ်ပင်တယ်ဆိုတာလည်း မသိဘူး။ အခု ခန်းမဆောင်လုပ်ခွင့် ပိတ်ပင်နေတာကြောင့် ဆောက်လုပ်ရေးကိုလည်း ဆက်မလုပ်ပဲ ပစ်ထားရတယ်။ အခု အဲဒီကချင်ရိုးရာယဉ်ကျေးမှု ကွင်းထဲ ခန်းမဆောင်လုပ်ဖို့ သဲကျောက်တောင် သယ်ချခွင့် မပေးဘူး။ ကိုးကန့်တွေ အရမ်းလွန်လွန်းနေတယ်။ ကချင်တွေက လုံး၀ ပြောပိုင်ခွင့်မရှိဘူး။ ပြန်ပြောရင်လည်း သတ်ပစ်လိုက်တာထိလုပ်တာ။ ပြောကိုမပြောချင်တော့ဘူး ဒီကိုးကန့်တွေကိုက သတင်းပေးတာသိလည်း ဖမ်းတယ်။ အိုး..အရမ်းဆိုးရွားနေတယ်။” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ မုံးကိုးဒေသခံ တစ်ဦးက ပြောပါတယ်။

မုံးကိုးမြို့ကို ကိုးကန့် MNDAA က သိမ်းပိုက်ပြီးနောက် အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးပြီး သတ်ပစ်လိုက်တဲ့ ဖြစ်စဉ်တွေ ရှိနေသလို တစ်ဖက်မှာလည်း ဒေသတွင်း သတင်းအဖြစ်အပျက်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုသူတွေကိုလည်း တင်းကြပ်စွာ တားမြစ်ထားတယ်လို့ ဆိုပါတယ်။

KIO ရုံးချိတ်ပိတ်ခံရမှု နဲ့ ကချင်ရိုးရာယဉ်ကျေးမှု မနောင်ကွင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းတားမြစ်ခံရမှုနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက အခုလို ဆက်ပြောထားပါတယ်။

“အခု KIA က ကချင်ရိုးရာယဉ်ကျေးမှုဝင်းနဲ့ ရုံးမှာ နေကြတာ။ အဲတာကို ကိုးကန့်တွေက ချိတ်ပိတ်လိုက်တယ်။ တရုတ်စာအကြီးအကြီးနဲ့ ကြက်ခြေခတ်ပုံစံကပ်လိုက်တယ်။ မနေနဲ့ထွက်လို့တော့မပြောဘူး အဲလိုမျိုးစာလိုက်ကပ်လိုက်တာပေါ့။ ဒါက ကျနော်တို့ ကိုးကန့်နဲ့ပဲဆိုင်တယ် သိမ်းလိုက်ပြီဆိုတဲ့ သဘောပေါ့။“ လို့ မုံးကိုးမှာ နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မိုးကိုးမြို့ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ကို KNG သတင်းဌာကဆက်သွယ်မေးမြန်းရာ တိုင်းရင်းသားအားလုံးနဲ့ဆိုင်တဲ့နေရာဖြစ်တာကြောင့် ခွင့်မပြုတာဖြစ်ကြောင်း ခုလိုပြောပါတယ်။

“အဲဒီ မနောကွင်းက မုံးကိုးမှာရှိတဲ့ ဒေသခံပြည်သူတွေ တိုင်းရင်းသားအားလုံး ပျော်ပွဲရွှင်ပွဲကွင်းဖြစ်တယ်။ အဲမှာ ဘောလုံးကွင်းနဲ့ မနောကွင်းရှိတယ်။ ဒါဟာ တိုင်းရင်းသားတစ်ခုထဲ ပိုင်တဲ့နေရာမဟုတ်ဘူး။ ဘယ်တိုင်းရင်းသားမဆို ပျော်ပွဲရွှင်ပွဲလုပ်ချင်ရင် ခေတ္တယာယီ တဲတွေထိုးလို့ရတာပေါ့နော်။ ခေတ္တယာယီ တဲတွေထိုးခွင့်ပေးတယ်။ ဒါပေမဲ့ ပျော်ပွဲရွှင်ပွဲပြီးရင်တော့ အားလုံးပြန်ဖြုတ်သိမ်းရတာပေါ့။ အခုသူတို့က ဖောင်ဒေးရှင်းချပြီး အုပ်ကာအဆောက်အဦးဆောက်မယ်ဆိုတော့ MNDAA ကနေ ခွင့်မပြုဘူးဟုတ်တယ်။ တိုင်းရင်းသားအများစုလည်း ခွင့်ပြုမှာမဟုတ်ဘူး။ KIA/KIO တွေကိုလည်း နေစရာမရှိလို့ဆိုပြီး MNDAA က ခေတ္တနေရာပေးတာ ရုံးဖွင့်ဖို့မဟုတ်ဘူး။ ဒါကြောင့် တားမြစ်တာဟုတ်တယ်။”လို့ မုံးကိုးမြို့ ကိုးကန့်အုပ်ချူပ်ရေးမှူး တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

ဒါ့အပြင် ကိုးကန့် အုပ်ချုပ်ရေးပိုင်းမှာလည်း ကချင်လူမျိုးခေါင်းဆောင်တွေကို ပယ်ထုတ်မှု ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တရုတ်နှစ်သစ်ကူးကာလမှာ မုံးကိုးမြို့ရှိ ကချင်ရိုးရာယဉ်ကျေးမှု မနောင်ကွင်းမှာ ကိုးကန့် MNDAA က လောင်းကစားရုံအဖြစ် အသုံးချခဲ့တဲ့အတွက် ကချင်လူထုက ကန့်ကွက်ဝေဖန်ခဲ့ကြပါတယ်။

ဒါ့အပြင် မိုးကိုး မြို့ရပ်ကွက်တချို့ရှိ ကချင်စစ်ရှောင်တွေနေထိုင်ခဲ့တဲ့ အဆောက်အဦးတွေကိုလည်း ကိုးကန့် MNDAA တပ်ဖွဲ့က လိုက်လံချိတ်ပိတ်တားမြစ်စာ ကပ်ခဲ့တယ်လို့ သိရပါတယ်။

မုံးကိုးမြို့သာမက ကိုးကန့် MNDAA သိမ်းပိုက်ထားတဲ့ ပန်ဆိုင်းမြို့ဘက်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့ဝင်တွေကို ယူနီဖောင်းလက်နက်တွေနဲ့ ဝင်ရောက်သွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

ရှမ်းမြောက်မှာ TNLA နေရာယူထားတဲ့ ကွတ်ခိုင်မြို့နယ် နဲ့ မူဆယ်မြို့နယ်တွေထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ကို ထွက်ခွာသွားဖို့ ဖိအားပေးတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဂျာဘောက်ရာ

Show More

Related Articles

Back to top button