လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

လေယာဉ် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဆင်ဘို အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင် ကစတင်ပြီး ဆင်ဘိုမြို့ မြင်သာရွာထဲကို ဂျက်ဖိုက်တာ ၂ စင်း နဲ့ ၃ ကြိမ် လာရောက်တိုက်ခိုက်ခဲ့ပြီး ဗုံး ၉ လုံး ပစ်ချသွားခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တစ်ချို့ ပျက်စီးသွားသလို ဒေသခံတစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆင်ဘိုဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်တစ်အိမ်မှာသွားထိတယ် အဲဒီမှာ လူတစ်ယောက်ကသေတယ် တစ်ယောက်က ခြေထောက်နှစ်ဖက်ကျိုးသွားတယ်။ ပြီးတော့ နောက်ထပ်တစ်ယောက်က ထိခိုက်ဒဏ်ရာရတယ် သုံးယောက်ထိတာပေါ့”လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆင်ဘိုမြို့ဘုရားကျောင်းနားက အိမ်တစ်ချို့လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

“စစ်ရေးကတော့ KIA ဘက်က မဖြစ်မနေသိမ်းပိုက်ဖို့လုပ်နေတာပေါ့ ဒါပေမယ့် မနေ့ကတော့ ဘာမှအပြန်အလှန် ပစ်ခတ်တာမရှိဘဲ ရွာကို တမင်သက်ဗုံးလာကြဲတာပေါ့” လို့ ဆိုပါတယ်။

သို့သော် ဧပြီလ ၂၆ ရက်နေ့ မနက်မှာ ဆင်ဘိုမြို့ ခလရ (၁၄၁) ကို KIA ပူးပေါင်းတွေက တစ်ဖန် ဝန်းရံတိုက်ခိုက်နေပြီး လက်ရှိချိန်ထိ နှစ်ဖက် အပြန်အလှန် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဂျက်ဖိုက်တာအပြင် ရဟတ်ယာဉ်တွေကိုပါ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကတည်းက ဆင်ဘိုမြို့ထဲက အုပ်ချုပ်ရေးရုံး နဲ့ ရဲစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားပြီ ဖြစ်ပေမယ့် ဆင်ဘိုမြို့ရဲ့ ၂ မိုင်ဝန်းကျင် အကွာမှာရှိတဲ့ ခလရ (၁၄၁) တပ်စခန်းကိုတော့ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

ဧရာဝတီမြစ် ပထမမြစ်ကျဉ်း မြစ်ညာဘက် ၁၄ မိုင်အကွာမှာ ကျေးရွာအဖြစ်တည်ရှိရာကနေ ၂၀၀၂ ခုနှစ်မှာ မြစ်ကြီးနားမြို့နယ်အတွင်းက မြို့အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရဲ့  ၂၀၂၀ သန်းခေါင်စာရင်းအရ ဆင်ဘိုမြို့မှာ နေထိုင်တဲ့ဦးရေဟာ ၉၀၀၀ နီးပါး ရှိတယ်လို့ ဖော်ပြထားပါတယ်။

Show More

Related Articles

Back to top button