သတင်း

စင်းခန်းကျေးရွာပြည်သူတွေကို အရေးပေါ်ပြောင်းရွေ့ခိုင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မ‌တော် KIA နှစ်ဖက်တပ်တို့က အရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့သိရပါတယ်။

စင်းခန်းကျေးရွာ ဟာ ဗန်းမော်မြို့နယ်နဲ့ရွှေကူမြို့နယ်အစပ် ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့ရွာဖြစ်ပြီး ဒေသခံပြည်သူတွေကို ဧပြီလ ၂၀ ကျော်ကတည်းကနေ အရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့ စင်းခန်းကြီးဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

နှစ်ဖက်စလုံးကရွေ့ခိုင်းထားတာဟုတ်တယ် KIAဘက်ကလည်းရွေ့ခိုင်းတယ်။ စကစဘက်ကလည်းရွေ့ခိုင်းတယ် ရွေ့ခိုင်းပေမယ့် အားလုံးတော့မရွေ့ဘူး တဝက်လောက်ပဲ ရွေ့သွားတယ်။ တချို့ရှိနေတုန်းပဲလို့သူကပြောပါတယ်။

စင်းခန်းဒေသခံတွေကို နှစ်ဖက်တပ်တွေ ဧပြီ ၂၀ ရက်နေ့ကနေ စပြီးပြောင်းရွေ့ခိုင်းထားတာဖြစ်‌ ပေမယ့် လက်ရှိအ်ိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ထဲက အိမ်ခြေ ၁၀၀ ကျော်လောက်သာပြောင်းရွေ့သွားကြပြီး ထက်ဝက်လောက်ကျန်နေသေးတယ်လို့သိရပါတယ်။

ဗန်းမော်ဘက်ကိုတော့မရွေ့ကြဘူးအဲ့ဘက်လည်းပစ်နေတာကြီးကိုအခုက ရွှေကူဘက်နဲ့ ဇင်းဘုံရွာ၊ မြလယ်ရွာတွေဘက်ရွေ့ကြတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။

လက်ရှိ စင်းခန်းကျေးရွာထဲမှာ ရဲစခန်း၊ စင်းခန်းချောင်းကူးတံတားဂိတ်အထိုင်တပ်နဲ့ စင်းခန်းကြီးရွာနဲ့တစ်မိုင်လောက်ဝေးတဲ့ ဥဒေါင်းတောင်ကုန်းပေါ်မှာထိုင်ထားတဲ့တပ် စုစုပေါင်းနေရာ ၄ နေရာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းတပ်တို့ တပ်စွဲထားတယ်လို့သိရပါတယ်။

ရွာထဲမှာကို သုံးလေး နေရာထိုင်ထားတယ်။ စင်းခန်းတံတားဟိုဘက်ဒီဘက် ထိုင်ထားတယ် မြစ်ကူးတံတားမှာလည်းထိုင်ထားတယ်။ လောလောဆယ်အပြင်တော့မထွက်လာဘူးအထဲမှာပဲနေနေကြတယ်။ ပြည်သူတွေလည်းရွေ့တဲ့လူရွေ့တယ်မရွေ့တဲ့လူမရွေ့ဘူး။ အဲ့မှာက ပျူစောထီး တွေလည်းတော်တော်များတယ် ပျူစောထီး မိသားစုတွေကတော့မရွေ့ကြဘူးလို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကလည်း လက်နက်ခဲယမ်းအပြည့်အစုံနဲ့အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း စင်းခန်းဘက် စစ်ကြောင်းထိုးလာချိန်ရွှေကူနယ် ငဘတ်ကြီးအနီး KIAKPDFLPDF ပူးပေါင်းတပ်တွေဘက်ကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်အထိနာပြီး ရွှေကူမြို့တွင်းတပ်ထဲပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

စင်းခန်းချောင်းအောက်ဘက် စင်းခန်းကျေးရွာနဲ့တဆက်တည်းရှိနေတဲ့ မံစီနယ်ထဲကစစ်ကောင်စီရဲ့ စီခမ်းကြီးဗျူဟာကုန်းကို KIA ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button