ကသာမြို့နယ် ပြည်သူ့ဆေးရုံမီးလောင်
စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်က ပြည်သူ့ဆေးရုံ မနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မှာ မီးလောင်ခဲ့ပြီး ပြင်ပလူနာဌာနအဆောင်တစ်ခုလုံးမီးလောင်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါ တယ်။
ကသာမြို့နယ် ရပ်ကွက် ၄ မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးမီးလောင်ခဲ့တာဖြစ်ပြီး ကလေးမီးဖွားစာရင်းတွေနဲ့ ကလေးတွေအတွက် ကာကွယ်ဆေးတွေ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ဒေသခံတစ်ယောက်ကပြောပါ တယ်။
“အဲ့ဒီပြင်ပလူနာဌာနအဆောင်ကတော့တစ်ခုလုံးက ပြာကျသွားတာပေါ့ မွေးကင်းစကလေးတွေ ကာကွယ် ဆေးထိုးမယ့်ဆေးတွေကတော့ပါသွားတယ်တဲ့ အဆောက်အဦးကတော့ ဒီလောက်လောင်သွားစရာ အကြောင်းတော့မရှိပါဘူး“လို့ဒေသခံတစ်ယောက်ကပြောပါတယ်။
မီးလောင်ရတဲ့အကြောင်းအရင်းကတော့ ဆေးရုံဝင်းထဲမှာ လူနာစောင့်တွေထမင်းဟင်းချက်စားရာကနေ မီးလောင်မှုဖြစ်တာလို့ ဒေသခံတွေပြောဆိုနေကြပေမဲ့ အခြေနေအသေးစိတ်ကိုတော့ KNG က သီးခြား အတည်ပြုနိုင်တာမရှိသေးပါဘူး။
ဆေးရုံမီးလောင်နေချိန်အတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လုံခြုံရေးယူပြီး မီးငြိမ်းသတ်ခဲ့ရသလို ညပိုင်း ၇ နာရီလောက်မှာမီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“အမျိုးမျိုးပြောနေကြတာပဲ ကျနော်တို့မေးကြည့်တော့ အဲ့ဒီဆေးရုံအဆောင်နားမှာက ထမင်းချက်စား တဲ့သူ တွေရှိတယ်လို့လည်းပြောကြတာပဲ ဒီအဆောင်တွေကလည်း တိုက်ကြီးတွေပါ မီးလောင်စရာတော့ ဒီလိုမျိုး လောင်စာတော့မရှိပါဘူး”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။
ဒါ့အပြင် ဒီမီးလောင်မှုအတွင်း လူနာနဲ့ဆေးရုံအတွင်းရှိသူတွေတော့ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရတာမရှိ ဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကလည်း ကသာမြို့နယ် ရပ်ကွက် ၁ မှာ ဂက်(စ်)အိုးပေါက်ကွဲရာကနေ နေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ရပါသေးတယ်။
By – အမိုး