တိုက်ပွဲသတင်း

ဆော့လော်မြို့နယ်မှာ မြို့တွင်းတပ်တစ်ခုသာ ကျန်ရှိ

ဆော့လော်မြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ဧပြီလ လဆန်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိ ဆော့်လော်မြို့တွင်းတပ်စခန်းတစ်ခုသာ ကျန်ရှိတော့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့၊ ဆော့လော်မြို့တွင်း အခြေစိုက် ခလရ ၂၉၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအောင်ကျော်ကျော်ကို KIA က ဖမ်းဆီးသွားပြီးနောက် ဧပြီလ ၁၁ ရက်နေ့ ချီဖွေမြို့ ကနေ ဆော့လော်ကိုသွားတဲ့ လမ်းပိုင်း၊ ဆော့လော်မရောက်မှီ ၅ မိုင်အကွာမှာ တပ်ချထားတဲ့ မျောမော (Myaw Maw) ကျေးရွာရှိ ပြည်သူ့စစ်တပ်စခန်း၊ ဧပြီလ ၁၂ ရက်နေ့မှာ ဆော့လော်မြို့ ခလရ၂၉၀ နဲ့ ခလရ၂၆၀ တပ်ရင်းနှစ်ခုကို ထောက်ပို့ပေးနေတဲ့ မျှော်ဇန်းကူးရွာက ( Myaw Zan ku) နယ်ခြားစောင့်တပ်စခန်းကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။

ဧပြီလ ၁၆ ရက်နေ့မှာတော့ ငါးမော်ဇွပ် ( Ngamaw Zup) နယ်ခြားစောင့်တပ်စခန်းနဲ့ လန်ယာကျေးရွာမှာ အထိုင်ချထားတဲ့ စစ်တပ်ခစန်းကို ထပ်ပြီးသိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။

ဆော့လော်မြို့နယ်ဟာ KIA တပ်မဟာ ၇ လက်အောက် တပ်ရင်း ၄၆ နယ်မြေဖြစ်ပြီး ဆော့်လော်မြို့တွင်းတပ်အပါအဝင် စစ်ကောင်စီတပ် အမှတ် ( ၁၀၀၁) နယ်ခြားစောင့်တပ် စခန်း ၅ ခုထက်မနည်းရှိတာဖြစ်ပြီး လက်ရှိချိန်မှာ နယ်ခြားစောင့်စခန်း ၄ ခု သိမ်းထားပြီဖြစ်ပြီး မြို့တွင်း ခလရ ၂၉၈ တပ်သာကျန်ရှိတော့တာ ဖြစ်ပါတယ်။

အခု တပ်ရင်း ၄၆ နယ်မြေ၊ ဆော့လောမြို့နယ်မှာတော့ ဆော့လောမြို့တွင်းတပ်တစ်ခုပဲ ရှိတော့တယ်။ သူ့ကိုလည်း လမ်းကြောင်းအကုန်ပိတ်ဆို့ထားပြီ။ ဆက်ပြီးတော့လည်း စစ်ရေးတင်းမာဖို့ရှိတယ်။ ကချင်ပြည် တပ်မဟာတိုင်းမှာ စစ်ဖြစ်လာတော့ ကျနော်တို့ဖက်လည်း လှုပ်ရှားလာတာဖြစ်တယ်။ သူတို့ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေလည်း သူတို့နေရာသူတို့ ကာကွယ်ပါလိမ့်မယ်။ လို့ ရှေ့တန်း KIA ရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဧပြီလ ၁၁ ရက်နေ့ မျောမောစခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့စစ်တပ်သား ၆ ဦးလက်နက်နဲ့အတူ သုံ့ပန်းဖမ်းဆီးရမိတာလည်းရှိခဲ့ပါတယ်။ ချီဖွေကနေ ဆော့လော်ကိုသွားတဲ့ လမ်းကြောမှာ ပြည်သူ့စစ်စခန်း ၄ ခုလောက်ရှိနေပြီး ဆော့လော်နဲ့ အနီးဆုံးနေရာမှာရှိတဲ့ ပြည်သူ့စစ်စခန်းကို KIA တပ်တွေသွားရောက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

စခန်းလက်လွတ်လိုက်ရတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ဧပြီလ ၂၀ ရက်နေ့မှာတော့ ဝိုင်းမော် ခလရ ၅၈ တပ်ကနေ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ချီဖွေ၊ပန်ဝါဘက်ကို စစ်အင်အားသွားရောက်ဖြည့်ထားတယ်လို့လည်း သိရပါတယ်။

အလားတူ မေလ ၄ ရက်နေ့မှာတော့ ချီဖွေမြို့နယ် ပန်ဝါမြို့နဲ့ ဆယ်မိုင်ဝန်းကျင် KIA တပ်ရင်း ၃၂ နယ်မြေ ဖရဲရွာသွားတဲ့လမ်းဘက်မှာရှိတဲ့ ဇုတ်လန်ရွာအနီးက စစ်ကောင်စီ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်စခန်းနဲ့ လုပြည်ရွာနားမှာရှိ စစ်တပ်စခန်း၊ ဆိတ်ခြံစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တရုတ်နယ်စပ်ဒေသတွေဖြစ်တဲ့ ကချင်အထူးဒေသ () နယ်မြေ ချန်မော်ခုန်းဒေသအပြင် ဆော့်လော်၊ဖီဖော်ဘက်ကို စစ်ဆင်ရေးကျယ်ပြန့်လာနေပြီဖြစ်ပါတယ်။

စစ်ဆင်ရေးကျယ်ပြန်လာတဲ့အလျောက် ချန်မောခုန်းဒေသ ပန်ဝါမြို့ဘက်မှာတော့ မြို့အဝင်အထွက်ပိုပြီးတင်းကြပ်နေပြီး ဧပြီလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ကချင်အထူးဒေသ ( )ဒေသနယ်မြေတွေဖြစ်တဲ့ချန်မောခုန်း၊ ဖီဖော်မှာနေထိုင်တဲ့ပြည်သူတွေရဲ့တောင်းဆိုချက်ဆိုပြီး ထုတ်ပြန်ချက်တွေကို စစ်တပ်ထောက်ခံတဲ့ တယ်လီဂရဂမ်ချန်နယ်တွေမှာ ထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ကချင်အထူးဒေသ () နယ်မြေအတွင်းရှိ ကချင်တိုင်းရင်းသားမျိုးနွယ်စုဝင်ဖြစ်တဲ့ လာချိဒ်၊လော်ဝေါ်၊ငေါ့ချန်း၊လီဆူ မျိုးနွယ်စုဝင်တွေနေထိုင်တဲ့နေရာမှာ KIA တပ်စစ်ဆင်ရေးဖော်ဆောင်တာကို အလိုမရှိကြောင်း KIA အနေနဲဲ့ ကချင်အထူးဒေသ () နယ်မြေကနေ တပ်ဆုတ်ပေးဖို့တောင်းဆိုထားတဲ့အကြောင်း ဒေသခံပြည်သူတွေက လက်မှတ်ထိုးတာဖြစ်တဲ့အကြောင်း ဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပန်ဝါမှာနေထိုင်တဲ့ လာချိဒ်မျိုးနွယ်စုဝင် အမျိုးသားတစ်ဦးပြောတာကတော့ပြည်သူတွေကို ခုတုံးလုပ်နေတာ ကျနော်တို့ကတော့ လက်မှတ်ထိုးခိုင်းတာတော့မကြားမိဘူး ဒီမှာကအများပိုင်းလူတွေက တိုက်ပွဲမဖြစ်ရင်ပြီးရောဆိုတဲ့လူမျိုးတွေများတယ်လေ ဘယ်သူဘာဖြစ်ဖြစ် ငါတို့မဖြစ်ရင်ရပြီဆိုတဲ့သူများတော့ တိုက်ပွဲဖြစ်မှာတော့ ဘယ်လိုချင်ကြမလဲ။ ဒါပေမယ့် လက်မှတ်ထိုးတယ်ဆိုတာတော့ မကြားမိသေးဘူးလို့ ပြောပါတယ်။

ဒါ့အပြင် မတ်လ လဆန်းပိုင်းကနေစပြီး ပန်ဝါမြို့မှာအထိုင်ချထားတဲ့ စစ်တပ်စခန်းမှာ စစ်တပ်ဘက်က စစ်ရဟတ်ယာဉ်နဲ့အင်အားဖြည့်နေတယ်လို့လည်း ပန်ဝါမှာနေထိုင်သူတွေက ပြောပါတယ်။

ဆော့လော်မြို့တွင်းရှိ စစ်ကောင်စီတပ်ဟာ တနိုင်းလီဒိုလမ်းမပေါ် ဒွမ်ဘန်အခြေစိုက် ခလရ ၂၉၈ မှာ လာရောက်အထိုင်ချထားတဲ့ တပ်စခန်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button