သတင်း

တာမခံ‌ကျေးရွာမှာ KIO ပြန်လည်ထူထောင်ရေးစတင်လုပ်ဆောင်ပေးနေ

ဖားကန့်မြို့နယ် တာမခံကျေးရွာမှာ တိုက်ပွဲကြောင့် မီးလောင်ပျက်စီးသွားတဲ့ လူနေအိမ်တွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြန်လည်ထူးထောင်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ပေးနေပြီလို့ သိရပါတယ်။

ဆယ်ရက်ကျော်လောက်အကြာဖြစ်ပွားခဲ့တဲ့ တာမခံတိုက်ပွဲမှာ လူနေအိမ် ၄၀၀ ကျော်မီးလောင်ပျက်စီးသွားပြီး နေရပ်ပြန်ကြတဲ့ တာမခံဒေသခံပြည်သူတွေအတွက် KIO အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပေးနေပြီလို့ KIO နဲ့ နီးစပ်တဲ့ တာမခံ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေက အကုန်လုံးရွာထဲကို ပြန်ဝင်လာကြပြီ။ KIO/KIA ဗဟိုကော်မတီကနေ မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ဆောက်လုပ်ပေးဖို့ပြင်ဆင်နေပြီ။ ထောက်ပံ့ငွေတွေကို ခွဲဝေပေးနေတာ ၂ ရက်လောက်ရှိပြီ။ အိမ်တွေပြန်ဆောက်ဖို့ တစ်အိမ်ထောင်မှာ ပျဉ် ၄ တန်ပေးတယ်လို့ပြောပါတယ်။

နေအိမ် မီးလောင်ပျက်စီးသွားတဲ့ အိမ်ထောင်စု ၄၀၀ ကျော်အတွက် တစ်အိမ်ထောင်ကို ၁၀ သိန်းကျပ်နဲ့ ပျဉ် ၄ တန် စီ ခွဲဝေပေးသွားမှာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်တော့မှာဖြစ်တယ်လို့ ဆက်ဆိုပါတယ်။

လောလောဆယ်က ငွေ ၁၀ သိန်းတော့ ခွဲဝေပေးနေပြီ။ ပျဉ်ကျတော့ ထုတ်နေဆဲဖြစ်တဲ့အတွက် မပေးရသေးဘူး။ ဒါပေမယ့် ရွာထဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေက တိုက်ပွဲတွေ ငြိမ်သွားတဲ့ တစ်ပတ်လောက်ကနေ စတင်နေပြီလို့ပြောလို့ရမယ်လို့ပြောပါတယ်။

တာမခံမှာ တိုက်ပွဲကြောင့် မီးလောင်ပျက်စီးသွားတဲ့ နေအိမ်များ

တာမခံကျေးရွာရှိ အိမ်ခြေ ၄၀၀ ကျော်က မီးလောင်ပျက်စီးသွားပြီး အိမ်ခြေမဲ့ဖြစ်သွားတဲ့ ဒေသခံတွေကို အမြန်ဆုံးဆောက်လုပ်ပေးနိုင်ဖို့ရန်အတွက် KIO က ပြန်လည်ထူထောင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းပေးထားတယ်လို့လည်း သိရပါတယ်။

တာမခံတိုက်ပွဲမှာ ဒေသခံပြည်သူတွေရဲ့ လူနေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီးသွားတာဟာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA ပြည်သူ့စစ်အဖွဲ့တွေက တိုက်ပွဲရှုံးပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးပေးလိုက်သလို နေအိမ်တစ်ချို့ကတော့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မီးလောင်ပျက်စီးသွားတာဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက KIA ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ရဲ့ ဗျူဟာကျတပ်စခန်းတွေကို တစ်ခုပြီး တစ်ခု ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တပ်စခန်းပေါင်း ၆ ခုထက်ကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။

အဲဒီထဲမှာ တာမခံကျေးရွာအပါ ဝှေခါနဲ့ နန့်ယား ကျေးရွာတွေက တိုက်ပွဲကာလ ၁၀ ရက်ကျော်လောက်အကြာ တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ကျေးရွာအတွင်းက လူနေအိမ် သုံးပုံ တစ်ပုံက မီးလောင်ပျက်စီးသွားတာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ တိုက်ပွဲတွေငြိမ်သက်သွားပြီး ဒေသခံပြည်သူတွေ နေရပ်ပြန်တဲ့အခါ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာကြောင့် နေထိုင်စရာမရှိဘဲ အခက်အခဲကြုံတွေ့နေရပါတယ်။

လက်ရှိမှာ တာမခံကျေးရွာကို KIO အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ပြန်လည်ထူထောင်လုပ်ငန်းတွေကို စတင်လုပ်ဆောင်ပေးနေပြီဖြစ်ပေမယ့် ကျန်ရှိနေတဲ့ ဝှေခါနဲ့ နန့်ယားကျေးရွာတွေမှာက ပြန်လည်ထူထောင်လုပ်ငန်းတွေကို စတင်လုပ်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။

နန့်ယားကျေးရွာ တိုက်ပွဲကြောင့် လူနေအိမ် ၅၀ ကျော် ထိခိုက်ပျက်စီးသွားပြီး အိမ်ခြေ ၂၀ ကျော်က နေအိမ်တစ်ခုလုံး မီးလောင်ပျက်စီးသွားတယ်လို့ နန့်ယားဒေသခံတွေက ပြောပါတယ်။

အိမ်ခြေမဲ့ဖြစ်သွားတဲ့ နန့်ယားဒေသခံတစ်ချို့က နန့်ယားကချင်နှစ်ခြင်းအသင်းတော်က ဦးဆောင်ပြီး ဝါလုံးထိုးကာ ခေတ္တယာယီဝါးတဲ ဆောက်လုပ်ပေးနေတယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိ စစ်တပ်စခန်းအပြင် ကျေးရွာတစ်ခုလုံးကို ထိန်းချုပ်ထားပြီဖြစ်တဲ့ KIO အစိုးရအနေနဲ့ တာဝန်ယူပြီး အိမ်ခြေမဲ့ဖြစ်သွားတဲ့ ဒေသခံပြည်သူတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံး လုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button