တိုက်ပွဲသတင်း

တန်ဂျာရွာမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

ဆွမ်ပရာဘွမ့်မြို့နယ် တန်ဂျာကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကချင်လွတ်လပ်ရေး တပ်မတော် KIA ရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ၅ ဦးထက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၉ ရက်နေ့ ပူတာအိုမြို့နယ်ဘက်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒီနေ့ မနက်ပိုင်း ၇ နာရီလောက်မှာ ဆွမ်ပီယန်ကျေးရွာဘက်ကို ဦးတည်ပြီး ပြန်ထွက်ခွာလာချိန် လမ်းခုလပ်မှာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တန်ဂျာဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အင်ဒေါင်ဘွမ့်နဲ့ ခေါဘွမ့်ကြားမှာ ဖြစ်ကြတာ။ စစ်သားတွေ ဒီကနေထွက်သွားတာ သိလို့ လမ်းမှာစောင့်ကြိုတိုက်ခိုက်လို့ တိုက်ပွဲဖြစ်တဲ့သဘောမျိုးပါ။ တိုက်ပွဲဖြစ်တဲ့အချိန်က ၃၅ မိနစ်လောက်ကြာတယ်။ အဲဒီနောက်ပြန်ငြိမ်သွားတယ်လို့ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ တန်ဂျာကျေးရွာနဲ့ ၁ မိုင်လောက်အကွာမှာရှိတဲ့ အင်ဒေါင်ဘွမ့်(N-dawng Bum) နဲ့ ခေါဘွမ့်(Hkau Bum) ကြားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဲဒီစစ်ကြောင်းက ဆွမ်ပီယန်ကျေးရွာမရောက်မှီ ဝဒတ်(Wadat) နဲ့ မဆွမ်ဇွပ့်(Masum Zup) ကျေးရွာအနီးတဝိုက်မှာ ရှိနေကြသေးတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဟာ ဆွမ်ပီယန်ကျေးရွာဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီးတော့ လက်ရှိမှာ KIA ရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ဝဒတ်နဲ့ မဆွမ်ဇွပ့် အနီးတဝိုက်မှာ ပုန်းခိုနေကြတယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်း ၉ နာရီလောက်မှာဖြစ်ပွားခဲ့တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ၅ ဦးထက်မနည်းရှိခဲ့တယ်လို့လည်း KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။

ဆွမ်ပရာဘွမ့်ဒေသဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆွမ်ပရာဘွမ့်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို လာရောက် ခေါ်ယူတဲ့ စစ်ကြောင်းဖြစ်နိုင်သလို ဆွမ်ပရာဘွမ့် လက်လွတ်လိုက်ရတဲ့အတွက် တဖြန်စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ နောက်ထပ် ဆွမ်ပီယန်ဒေသခံ အမျိုးသားတစ်ဦးက သုံးသပ်ပါတယ်။

ဒီစစ်ကြောင်းက ဆွမ်ပရာဘွမ့်တိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ သူတွေကို လာခေါ်တဲ့ စစ်ကြောင်းဖြစ်နိုင်တယ်။ ဒါမဟုတ်ရင်လည်း စစ်ကြောင်းပြန်ထိုးလာတာလည်းဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဆွမ်ပရာဘွမ့်တိုက်ပွဲမှာ ထွက်ပြေးသွားကြတဲ့ စစ်သားတွေက ဆွမ်ပီယန်ဘက်ကို မထွက်လာသေးဘူး။ ဒီဘက်ကို မရောက်လာသေးဘူးပေါ့လို့ပြောပါတယ်။

အခုလို ပူတာအိုမြို့နယ်ဘက်က စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေက ဆွမ်ပရာဘွမ့်မြို့နယ်ထဲကို စစ်ရေးလှုပ်ရှားနေတာကြောင့် စစ်ကြောင်းထိုးသွားလာနေတဲ့ ကျေးရွာတွေမှာ တိုက်ပွဲတွေ တစ်ဖန်ပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။

နှစ်လကျော်လောက်အကြာ မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဆွမ့်ပရာဘွမ့် မြို့ကို KIA ပူးပေါင်းတပ်တွေက မေလ ၅ ရက်နေ့မှာ တပ်စခန်းအပါ အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ဆွမ်ပရာဘွမ့်မြို့ကို KIA တပ်တွေ သိမ်းပိုက်လိုက်တဲ့ တစ်ပတ်လောက်အကြာမှာ စစ်တပ်ဘက်က အခုလို ဆွမ့်ရာဘွမ့်မြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီး စစ်ရေးလှုပ်ရှားသွားလာနေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button