သတင်း

ပူတာအိုမှာ စစ်တပ်က အခြေခံစားသောက်ကုန်တွေကို လေကြောင်းနဲ့သယ်ယူထားပြီး စျေးအဆမတန်မြင့်တင်ရောင်းချနေ

ကချင်ပြည်နယ် ပူတာအိုဒေသအတွက်  အခြေခံစားသောက်ကုန်တွေကို  စစ်ကောင်စီတပ်က လေကြောင်းနဲ့သယ်ယူပြီး အစျေးအဆမတန်မြင့်တင်ပြီးရောင်းချပေးနေတာကြောင့် ဒေသခံတွေ ပိုပြီးအခက်အခဲဖြစ်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းသွားလာခွင့်ကိုပိတ်ထားပြီး ပူတာအိုဒေသအတွက်လိုအပ်နေတဲ့အခြေခံစားသောက်ကုန်တွေကို မေလ ၇ ရက်နေ့ကနေ လေကြောင်းနဲ့သယ်ယူနေပြီး မေလ ၁၀ ရက်နေ့ကစ ရောင်းချပေးနေပေမယ့် စျေးအဆမတန်စျေး မြင့်တင်ပြီးရောင်းချပေးနေတယ်လို့ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်က အသက် ၄၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

သူတို့လေယာဥ်နဲ့တင်ပြီးရောင်းပေးမှာဆိုတော့ စျေးသက်သာမယ်ထင်တာ ဘာမှမထူးဘူး စျေးကတက်နေတာပဲ အဆမတန်ကိုတက်နေတာ ကြက်ဥတစ်ဖာကို ၃သိန်းခွဲတဲ့ အဲတစ်ဖာမှာ အကဒ် ၂၀ ကျော်ပဲလားပါတယ်။ ပြီးတော့ခွဲပြီးမရောင်းပေးဘူးအဖာလိုက်စျေးပဲရောင်းပေးတာ သိန်းငွေပေးပြီးမှပဲဝယ်လို့ရတယ် တော်ရုံလူတွေဝယ်တောင်မစားနိုင်ဘူလို့ သူကပြောပါတယ်။

Y8 လေယာဥ်အမျိုးအစား နဲ့သယ်ယူတဲ့ အခြေခံစားသောက်ကုန်တွေကို လက်ရှိ ပူတာအိုမြို့ကောင်ကထောင်ရပ်ကွက်က Golden Myanmar လေကြောင်းရုံး ဂိုဒေါင်တစ်ခုမှာရောင်းချပေးနေတာ လို့သိရပြီး ကြက်ဥ ကဒ် ၂၀ ကျော်ပါ တစ်ဖာကို ကျပ် ၃၅၀၀၀၀၊ စားသုံးဆီပုံးဝါတစ်ပုံ ကျပ် ၂၀၀၀၀၀ ၊ ကြာစံခေါက်ဆွဲထုပ်သေးတစ်ထုပ်ကျပ် ၅၀၀၀ အပြင် တစ်ခြားသောအခြေခံစားသောက်ကုန်တွေကိုလည်း စျေးအဆမတန်မြင့်တင်ပြီးရောင်းချပေးနေတာလို့ ဒေသခံတွေကဆိုပါတယ်။

စားဆီက ပုံးဝါတစ်ပုံးကိုအရင်ပုံမှန်စျေးဆိုရင် ၉၀၀၀၀ ပဲရှိတယ် ကြက်ဥဆိုလည်းတစ်ကဒ်မှ ၈၀၀၀ ပဲလေး သူတို့လေယာဥ်နဲ့တင်ပေးတာပဲ အခုလောက်ကြီးစျေးတင်ရောင်းတာတော့မဖြစ်သင့်ဘူး။ ပြည်သူ တွေဘက်ငှဲ့ညာသင့်တယ်လို့ နောက်ထပ်အမျိုးသမီးက ဆက်ပြောပါတယ်။

အခြေခံစားသောက်ကုန်တွေကို ရောင်းချပေးတဲ့နေရာမှာလည်းခွဲရောင်းပေးတာမရှိပဲ လေယာဥ်နဲ့တင်လာတဲ့အတိုင်း ဖာလိုက်စျေးနဲ့သာရောင်းချပေးနေတာကြောင့် ဒေသခံအများစုကဖားလိုက်စျေးနဲ့ဝယ်မစားနိုင်လို့ အခက်အခဲတွေဖြစ်နေတာ လို့သိရပါတယ်။

ဒါ့အပြင် စစ်တပ်က လေကြောင်းနဲ့သွင်းတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေကို  စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ လေဆိပ်အရောက်မှာပဲ အများအပြားဝယ်ယူထားပြီး စျေးကွက်မှာတဆင့်စျေးတင်ပြီးပြန်ရောင်းချတာတွေလည်းရှိနေတယ်လို့လေယာဥ်ကွင်းရပ်ကွက်က စားသောက်ဆိုင်ဖွင့်ထားတဲ့အမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

ပိုက်ဆံရှိတဲ့လူတွေကလေဆိပ်ကနေပဲသိန်း ၂၀၀၊ ၃၀၀ ဖိုးတစ်ခါတည်းသိမ်းကြုံးယူလိုက်တာ တချို့ပစ္စည်းတွေဝယ်ချင်ရင်တောင်မရဘူး။ သူတို့အကုန်ယူထားလိုက်တာဆို လိုရင်သူတို့ဆီကနေကျွန်မတို့က တဆင့်ပြန်ယူရတာ သူတို့ကတဆင့်စျေးပြန်တင်ရောင်းတော့ စျေးကြီတဲ့ကြားထဲကပိုစျေးကြီးသွားတာလို့ သူကပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ စစ်ကောင်စီတပ်ဆီကနေယူထားတဲ့ စားသောက်ကုန်တွေကိုစျေးကွက်မှာတဆင့်စျေးပြန်တင်ပြီးရောင်းနေတာကြောင့် လက်ရှိပူတာအိုမြို့ပေါ်စျေးတွေမှာ ကြက်ဥတစ်လုံး ကျပ် ၁၀၀၀၊ ယုဇနတံဆိပ်ပါ လက်ဖက်သုတ် တစ်ထုတ် ကျပ် ၅၀၀၀၊ အိုင်အိုဒင်းတားတစ်ထုပ်ကျပ် ၂၀၀၀ နဲ့ စားသုံးဆီတစ်ပုံ ကျပ် ၃၀၀၀၀၀ ဝန်းကျင်အထိစျေးတက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

လတ်တလော အခြေခံစားသောက်ကုန်တွေကိုသာသယ်ယူနေပေမယ့် ဓာတ်ဆီမသယ်ယူတာကြောင့် လက်ရှိပူတာအိုမြို့ပေါ်မှာ ဓာတ်ဆီပြတ်တောက်မှုတွေဖြစ်နေတဲ့အပြင် ဆီလက်ကျန်ရောင်းတဲ့သူတွေလည်း တစ်ပုလင်းကို ကျပ် ၅၀၀၀၀ ဝန်းကျင်အထိစျေးတင်ရောင်းနေတယ်လို့သိရပါတယ်။

ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းကို မတ်လ ၈ ရက်နေ့ကတည်းက ဆွမ်ပရာဘွမ်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်နဲ့ KIA KPDF နှစ်ဖက်တပ်တွေက ပိတ်ထားတာဖြစ်ပြီး တစ်လကျော်အကြာ ဧပြီလ ၁၀ ကျော်လောက်မှာ KIA ဘက်က ကားလမ်း ပြန်ဖွင်ဖို့စစ်ကောင်စီနဲ့ညှိုနှိုင်းခဲ့ပေမယ့် စစ်ကောင်စီဘက်က ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ KIAရဲ့ကားလမ်းပြန်ဖွင့်ပေးဖို့ညှိုနှိုင်းတောင်းဆိုမှုကိုကန့်ကွက်ပြီး အခုလိုလေကြောင်းနဲ့ကုန်စည်တွေသယ်ယူပြီး စီးပွားရှာနေတာလို့လည်းဒေသခံတွေက ပြောဆိုနေကြပါတယ်။

ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့တွင်းက စစ်ကောင်စီတပ်ဗျူဟာကုန်းကို KIA ဦးဆောင်တဲ့မဟာမိတ်တပ်တွေက မေလ ၅ ရက်နေ့မှာသိမ်းပိုက်ခဲ့ပေမယ့် အဲဒီဆွမ်ပရာဘွမ်လမ်းပိုင်းမှာ ဒီနေ့ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

ပူတာအိုမြို့ဟာ ကချင်ပြည်နယ်ရဲ့မြောက်ဖျားပိုင်းမှာရှိတဲ့ မြို့နယ်ဖြစ်ပြီး ကျေးလက်ဧရိယာပိုများတဲ့တောင်ပေါ်မြို့လေးဖြစ်ပြီး ဒေသခံပြည်သူတွေအများပိုင်းကတော့ လယ်ယာစိုက်ပျိုးရေးနဲ့အသက်မွေးဝမ်းကျောင်းကြတာဖြစ်ပါတယ်။

ဒါပေမယ့် မြစ်ကြီးနားပူတာအိုကားလမ်းပိတ်ခံထားရတာ ၂ လကြာမြင့်လာချိန်မှာတော့ စက်သုံးဆီအပါအဝင် အခြေခံစားသောက်ကုန်ပြတ်လပ်နေပြီး လယ်ယာစိုက်ပျိုးရေးလုပ်တဲ့ တောင်သူတွေကလည်း အစစအရာရာပိုပြီးခက်ခဲလာ နေကြတာလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button