သတင်း

မျောမောပါရွာမှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေလျှံလို့ ကလေးငယ်တစ်ဦး ရေထဲမျောပါသေဆုံးတဲ့အပြင် နေအိမ် ၁၀ လုံးပျက်စီး

ချီဖွေမြို့နယ် မျောမောပါတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးရေလျှံမှုကြောင့် လူနေအိမ် ၁၀ အိမ်ကျော်ရေထဲမျောပါသွားပြီး ကလေးငယ်  ဦး မျောပါသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မေလ ၂၉ ရက် ဒီနေ့မနက် အစောပိုင်း  နာရီဝန်းကျင်ကစပြီး ချီဖွေမြို့တစ်လျှောက်ရှိကျေးရွာအများအပြားနဲ့ ချီဖွေမြို့ကနေ  မိုင်အကွာမှာရှိတဲ့ မျှောမောကျေးရွာမှာ မိုးသည်းထန်စွာရွာနေတာဖြစ်ပြီး တောင်ကျချောင်းရေကြီးကြောင့် ရေထဲမျောပါသွားတဲ့ ကလေးငယ်ကိုလည်း ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အိမ်တွေ ၁၀ အိမ်ကျော်လောက်ပါသွားတယ်။ ကလေးယောက်ျားလေးတစ်ဦးပါသွားတယ်။ ဒီမနက်ထိတော့ အလောင်းမတွေ့သေးဘူးပြောတယ် မိုးလည်းအရမ်းကြီးနေတယ်။ လိုင်းကမရှိ အခုထိ စုံစမ်းချိတ်ဆက်နေတုန်းဖြစ်တယ်။ ဘုရားကျောင်းဝင်းထဲက ပစ္စည်းတွေ၊ စက်ပစ္စည်းတွေ အားလုံးပါသွားတယ်လို့ ချီဖွေဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်ဟာ ယောကျာ်းလေးဖြစ်ပြီး အသက် ၁၀ နှစ်ဝန်းကျင်ရှိတယ်လို့သိရပြီး အလောင်းကိုဆက်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မျောမောပါရွာဟာ ချီဖွေမြို့မြောက်ဘက်  မိုင်အကွာရှိ မေခမြစ်ရဲ့ အနောက်ဘက်ကမ်းမှာရှိပြီး အခုလိုရေကြီးရေလျှံမှုဖြစ်တာဟာ ၁၀ နှစ်တစ်ကြိမ်ဖြစ်လေ့ရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဒီမျောမောချောင်းဟာ နွေရာသီမှာရေတွေခမ်းခြောက်သွားကာ ရေစီးဆင်းမှုမရှိပေမဲ့ အခုမိုးတွင်းအဝင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးပြီးလျှံကျလာတာဖြစ်တယ်လို့ ပြောပါတယ်။

မိုးရေကြောင့်လေ။ ဒီချောင်းက နွေရာသီဆို ရေတောင်မရှိဘူး။ အရင်နှစ်က မြေတွေပြိုတဲ့အချိန်လည်း တစ်ခါရေကြီးပြီ ၁၀ နှစ်လောက်တစ်ကြိမ် ဒီလိုရေကြီးရေလျှံတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိ ချီဖွေတစ်မြို့လုံး မိုးသည်းထန်စွာရွာသွန်းနေတာဖြစ်ပြီး မျှောမောကျေးရွာနားရှိ ဇန်နောင်ယန်ရွာမှာလည်း နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း ဆက်လက်သိရပါတယ်။

ချီဖွေမြို့ဟာ မြစ်ကြီးနားမြို့ရဲ့ အရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာ မေခမြစ်အရှေ့ဖက်ကမ်းပေါ်မှာရှိပြီး အရှေ့တောင်ဖက် တရုတ်မြန်မာနယ်စပ်မြို့ဖြစ်ကာ ပန်ဝါမြို့နဲ့ မိုင် ၄၀ မိုင်ခန့်အကွာမှာရှိတာဖြစ်ပါတယ်။

မြို့ရဲ့ မြောက်ဖက်မှာ လောက်ခေါင်၊ ထော့်ဂေါ့၊ ဆော့လော်မြို့ဘက်ကို မော်တော်ကားလမ်းနဲ့ ဆက်သွယ်ထားပြီး တောင်ဖက်မှာ မြစ်ကြီးနားမြို့နဲ့ မော်တော်ကားလမ်း ဆက်သွယ်ထားတာဖြစ်ပါတယ်။

ချီဖွေမြို့ တောင်ဖက်  မိုင်ခန့်အကွာ နန်းဦးကျေးရွာအနီးမှာတော့ တရုတ်စီပီအိုင်ကုမ္ပဏီပိုင် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ (စက်တပ်ဆင်အင်အား –၉၉ မဂ္ဂါဝပ်)ရှိပြီး ချီဖွေမြို့မြောက်ဖက် မေခမြစ်ပေါ်မှာတော့ ချီဖွေရေအားလျှပ်စစ်စီမံကိန်း (၃၄၀၀မဂ္ဂါဝပ်)ရှိပါတယ်။

တောင်ပေါ်မြို့လေးဖြစ်တာကြောင့် မိုးသည်းထန်စွာရွာသွန်းပါက တောင်ကျချောင်းရေတွေ လျှံကျလာပြီး နေအိမ်ထိခိုက်ပျက်စီးတာတွေရှိနေတာတွေကြုံနေရတဲ့အပြင် ရွှေတူးဖော်မှု ဆိုးဆိုးရွားရွားလုပ်ဆောင်နေတဲ့ နေရာတစ်ခုဖြစ်တာကြောင့် နှစ်စဉ်နှစ်တိုင်း မိုးတွင်းမှာ ဒေသခံတွေရေကြီးရေလျှံမှု ဘေးဒဏ်ကြုံတွေ့နေမြဲဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button