
တနိုင်းလီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှးဒူးဇွပ်ကျေးရွာမှာ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က စစ်အင်အား ၃၀၀ ဝန်းကျင်ခန့် နဲ့ ပုံမှန် စစ်အင်အားပြ စစ်ရေးလှုပ်ရှားတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြည်သူ့စစ်တပ်စခန်းရှိတဲ့ ရှဒူးဇွပ်ကျေးရွာအဝင် စံပြကျေးရွာမှာ အရင်ကထက် စစ်အင်အားပိုမိုတိုးချဲ့ထားပြီး စစ်အင်အားပြ စစ်ရေးလေ့ကျင့်အော်ဟစ်တာတွေ နေ့တိုင်းလုပ်ဆောင်နေတာ နှစ်ပတ်ခန့်ရှိလာပြီလို့ ရှဒူးဇွပ်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“နှစ်ပတ်လောက်ရှိလာပြီ။ အမျိုးသမီးတစ်သုတ်၊ အမျိုးသားတွေ တစ်သုတ်နဲ့ ဘယ်ညာဘယ် အော်ဟစ်ပြီး ရွာအလယ်ကနေ ဖြတ်ပြီး စစ်ရေးလှုပ်ရှာနေတာ။ အရင်ကတော့ တစ်ခါမှ မမြင်ဖူးသေးဘူး။ အခု ဒီနောက်ပိုင်းမှ မြင်ဖူးလာတာ။ ကြည့်ရတာက သူတို့အင်အားပြချင်လို့လည်း နေမှာပေါ့။ လောလောဆယ် စစ်အင်အားက ၃၀၀ လောက်ရှိတယ်”လို့ပြောပါတယ်။
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့မှာ အရင်က အမျိုးသမီးတွေ တွေ့လေ့မရှိပေမယ့် ခုနောက်ပိုင်းမှာ အမျိုးသမီးတွေကိုလည်း စစ်သင်တန်းပေးပြီး တပ်ဖွဲ့ထဲမှာ အမျိုးသမီးတွေကိုယ်တိုင် သေနတ်ကိုင်ဆောင်ပြီးပါဝင်လာတာတွေ့သိရတယ်လို့ ပြောပါတယ်။
လက်ရှိပြည်သူ့စစ်အဖွဲ့တွေဟာ အဖွဲ့ (၅)ဖွဲ့ (၆)လောက်ခွဲကာ တန်စီပြီး စံပြကျေးရွာကနေ ရှဒူးဇွပ်တံတာအထိ နေ့စဉ်ပုံမှန် စစ်ရေးပြလှုပ်ရှားနေတဲ့အတွက် ဒေသခံပြည်သူတွေအတွက် စိုးရိမ်မှုတွေဖြစ်စေတယ်လို့လည်း ပြောဆိုနေကြပါတယ်။
ရှဒူးဇွပ်ကျေးရွာမှာ တိုက်ပွဲငြိမ်သက်နေတာ တစ်နှစ်ခန့်ကြာမြင့်သွားပြီဖြစ်ပေမယ့် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေ တပ်ချထားတဲ့ စံပြကျေးရွာပြည်သူ့စခန်း၊ ရှဒူးဇွပ်တံတားပေါ်က ဂိတ်နေရာနဲ့ ရှဒူးဇွပ်ကျေးရွာထဲက မင်းဇေသန့်နေအိမ်ရှိ တပ်နေရာ ၃ ခုမှာ အုပ်တံတိုင်းတွေနဲ့ အခိုင်အမာဆောက်လုပ် ပြင်ဆင်နေဆဲဖြစ်တယ်လို့ ရှဒူးဇွပ်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
“ရှဒူးဇွပ်တဝိုက်မှာက အခိုင်အမာနဲ့ ဆောက်လုပ်ထားတဲ့ ပြည်သူ့စစ်စခန်းက ၃ နေရာလို့ပြောလို့ရပါတယ်။ လောလောဆယ် တိုက်ပွဲမဖြစ်ပေမယ့် ကြိုတင်ပြင်ဆင်မှုက အမြဲတမ်းလုပ်နေပါတယ်။ အရင်ကလို ကတုတ်ကျင်းတွေပဲ တူးထားတာမဟုတ်ဘူး။ အုပ်တံတိုင်းတွေနဲ့ အခိုင်အမာနဲ့ လုပ်ထားတယ်။ လုံခြုံရေးက အမြဲတင်းကြပ်နေဆဲပါပဲ”လို့ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်ဟာ ရှဒူးဇွပ်ကျေးရွာ ကက်သလစ်အသင်းတော်ရဲ့ ဆုတောင်းကုန်းပေါ်မှာ တပ်စွဲထားပြီး အဲဒီကနေ လက်နက်ကြီးလှမ်းထောက်ကာ ကျေးရွာ တစ်ခုလုံးကို ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။
ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ပြည်သူ့စစ်အဖွဲ့တွေဟာ ရှဒူးဇွပ်ကျေးရွာအပြင် ပြည်သူ့စစ်စခန်းအထိုင်ချထားတဲ့ စံပြကျေးရွာနဲ့ ဝါရာဇွပ်ကျေးတွေအထိ ဒရုန်းလွတ်ပျံဝဲပြီးတော့ ညတိုင်းလိုလို ကင်းထောက်စောင့်နေတယ်လို့ လည်း သိရပါတယ်။
ရှဒူးဇွပ်တိုက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လမှာ တစ်ပတ်လောက်အကြာ ရှဒူးဇွပ်ကျေးရွာထဲ တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ တိုက်ပွဲပြန်လည်ငြိမ်သက်သွားတာ ဒီကနေ့ အထိပဲဖြစ်ပါတယ်။
၂၀၂၄ နှစ်ဆန်းပိုင်း ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ KIA က စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတဲ့အချိန်မှာ တစ်ပြိုင်ထဲ ဟူးကောင့်ချိုင့်ဝှမ်း တနိုင်းလီဒိုလမ်းမပေါ် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့် တည်ရှိတဲ့ နေရာမှာလည်း စခန်းသိမ်းတိုက်ပွဲတွေ ထပ်မံဖြစ်လာမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူ့စစ်တပ်စခန်းနဲ့ နီးစပ်တဲ့ ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ ကျေးရွာစတဲ့ ကျေးရွာနေပြည်သူတစ်ချို့ နီးစပ်ရာ မြို့ပေါ်ဘက်ကို တိမ်းရှောင်သွားကြသလို တစ်ချို့ ယာယီတိမ်းရှောင်စခန်းတွေဆောက်လုပ်ထားပြီး တိမ်းရှောင်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)