တိုက်ပွဲသတင်း

ပန်ဝါမြို့အနီး လောက်ပြေကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းအသုံးပြုတိုက်ခိုက်နေ

ပန်ဝါမြို့အနီး လုပြည်(ဒေသအခေါ်လောက်ပြေကျေးရွာမှာ KIA နဲ့ စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တာတွေလုပ်နေတယ်လို့ ပန်ဝါမြို့ပြည်သူတွေပြောပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့ မနက်  နာရီဝန်းကျင်ကနေ တိုက်ပွဲစတင်လာတာဖြစ်ပြီး မနက် ၁၀ ဝန်းကျင်ကနေ စစ်တပ်က Y12 လေယာဉ်တစ်စီးနဲ့ဆက်တိုက်ပစ်ခတ်နေတယ်လို့ ပန်ဝါမြို့အနီးနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။

လုပြည်မှာ လေယာဉ်နဲ့ဆက်တိုက်ပစ်နေတယ် ခုထိလည်းပစ်နေတုန်း။ မနက် ၁၀ နာရီလောက်ကတည်းကနေ ပစ်နေတာ ခုထိမနားသေးဘူး ခုခုလို့ပြောပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့၊ စက်တင်ဘာလ ၃၀ ရက်ည ဆော့လော်မြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်တဲ့နောက် ချီဖွေ– ပန်ဝါလမ်းမတစ်လျှောက် စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်တွေနဲ့KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေရာကနေ ဒီနေ့မနက် ပန်ဝါမြို့အနီးအထိ တိုက်ပွဲပြင်းထန်လာပြီဖြစ်ပါတယ်။

ဒီနေ့တိုက်ပွဲဖြစ်တဲ့နေရာဟာ ပန်ဝါကနေ ဆိုင်ကယ်နဲ့ မိနစ် ၄၀ ခန့်ချီဖွေဘက်ကို ဆင်းတဲ့လမ်းဘေးမှာရှိတဲ့ရွာဖြစ်ပြီး နယ်ခြားစောင့်တပ်အဖွဲ့ ဂိတ်ထိုင်အခြေချထားတဲ့နေရာဖြစ်ပါတယ်။

ကချင်အထူးဒေသ  ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဝါ၊ချီဖွေဒေသဟာ  နယ်ခြားစောင့်တပ်က မြေရှားထုတ်လုပ်မှုအများဆုံးလုပ်ဆောင်နေတဲ့နေရာဖြစ်ပြီး မေလအတွင်း ဝါးရှောင်ကျေးရွာအထက်မှာရှိတဲ့ စစ်တပ်ရဲ့စုပေါင်းဂိတ်နဲ့ဆဒုံးမြို့ကို သိမ်းပိုက်လိုက်တဲ့နောက် ပြည်သူ့စစ်တပ်တွေဟာ သူတို့ထိန်းချုပ်နယ်မြေအတွင်း တပ်သားတွေစုဆောင်းတာတွေစတင်လုပ်လာပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့နဲ့ဆော့လော်မြို့ကိုသိမ်းလိုက်တဲ့နောက်ပိုင်း တပ်သားစုဆောင်းမှုဟာပိုဆိုးရွားလာပြီး ပန်ဝါမြို့ပေါ်တည်းခိုခန်းနဲ့ စားသောက်ဆိုင်နေရာတွေအပါအဝင် သတ္တုလုပ်ကွက်တွေအထိ တပ်သားသစ်စုဆောင်းမှု ခပ်စိပ်စိပ်လုပ်နေတယ်လို့ သိရပါတယ်။

စုဆောင်းဖမ်းဆီးရမိထားတဲ့ တပ်သားသစ်တွေကို စစ်သင်တန်းပေးခြင်းမရှိဘဲ ရှေ့တန်းကိုတန်းပို့နေတယ်လို့ ပန်ဝါမြို့ခံအမျိုးသားတစ်ယောက် ထပ်ပြောပါတယ်။

မနေ့ နေ့လည်နဲ့ညပိုင်းမှာလည်း သတ္တုလုပ်ကွက်တွေမှာ ဆက်တိုက်ဖမ်းနေတယ် ပြီးတော့ မနေ့ကလည်း အလုပ်သမားကဒ်လုပ်ဖို့သွားတဲ့သူတွေကိုလည်း အလုပ်သမားကဒ်မလုပ်ပေးနဲ့အားလုံးကိုထပ်ဖမ်းသွားတယ်။ ပြီးတော့ ရှေ့တန်းချက်ချင်းပို့ပြီလို့ သိရတယ်။ မနေ့ကဆို တော်တော်လေးပါသွားတယ်လို့ သတင်းရထားပါတယ်လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် ပန်ဝါဒေသမှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ အလုပ်လုပ်ဖို့ သွားရောက်သူတွေများစွာရှိပြီး လုပ်ငန်းခွင်ထဲဆင်းရဖို့ အလုပ်သမားကဒ်လုပ်ရတယ်လို့ သူကဆက်ပြောပါတယ်။

လတ်တလော ပန်ဝါမြို့နီးဝန်းကျင်မှာ ခုလိုတပ်သားသစ် အတင်းအဓ္ဓမစုဆောင်းခံရတာကြောင့် ပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။

ပန်ဝါမြို့ဟာ တရုတ်နယ်စပ်မှာရှိပြီး ကချင်အထူးဒေသ  ဗဟိုဌာနချုပ်တည်ရှိရာတဲ့မြို့ဖြစ်ကာ ချီဖွေမြို့နဲ့ မိုင် ၄၀ အကွာ တည်ရှိပါတယ်။

By – Zami

Show More

Related Articles

Back to top button