ဟုမ္မလင်းနယ် နတ်မော်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နတ်မော်ကျေးရွာမှာ SNA စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်း PDF တပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်နေတယ်လို့ နတ်မော်ဒေသခံတွေဆီကနေ သိရပါတယ်။
ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီးမှာရှိတဲ့ နတ်မော်ကျေးရွာမှာ နိုဝင်ဘာ ၂၂ ရက်နေ့မွန်းလွဲပိုင်းကနေစပြီး ဒီနေ့ထိတိုက်ပွဲပြင်းထန်နေဆဲပဲလို့ နတ်မော်ကျေးရွာနေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။
“အသံတွေကတော့ တဒုန်းဒုန်း တဒိုင်းဒိုင်းကြားနေရတာ အခုအထိပဲ ညလည်းမရပ်ဘူးတစ်ညလုံးပစ်နေကြတာ အဲ့မှာရှမ်းနီတပ်တွေနဲ့ စစ်ကောင်စီတပ်ပေါင်းထိုင်တာရှိတယ်။ ကာကွယ်ရေးတပ်တွေက အဲ့စခန်းကိုဝင်သိမ်းနေတာလို့ သိရတယ်။ အခုထိတော့မရသေးဘူး ပစ်နေကြတုန်း”လို့ ပြောပါတယ်။
နတ်မော်ကျေးရွာမှာ SNA နဲ့စစ်ကောင်စီတပ်ပူးပေါင်းအင်အား ၅၀ ထက်မနည်းတပ်ထိုင်တာလို့သိရပြီး ကာကွယ်ရေးတွေဘက်က ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ရှိလာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းအထိ တိုက်ပွဲပြင်းထန်နေတဲ့နေရာကို နတ်မော်ကျေးရွာအနီးဝန်ကျင်နဲ့ နောင်တံတားကျေးရွာအနီး စစ်တပ်ဘက်က လေကြောင်းနဲ့ သုံးကြိမ်တိတိဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။
“ဒီနေ့က လေယာဥ်နဲ့ ၃ ကြိမ်လာကြဲတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေသေးတယ် ထိခိုက်တာတော့ရှိမှာပဲ ဒီလောက်ကြဲနေတာ ဖုန်းလိုင်းမကောင်းလို့ အသေးစိတ်မသိရသေးဘူး”လို့ ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နတ်မော်၊ နောင်တံတားကျေးရွာနဲ့အနီးဝန်းကျင် ကျေးရွာနေပြည်သူတွေဟာ တောတောင်တွေ နိုဝင်ဘာလ ၂၃ ရက်နေ့စပြီး တောတောင်ထဲတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ နတ်မော်ကျေးရွာဟာ နောင်ပိုအောင်ကျေးရွာနဲ့ သုံးမိုင်ခန့်သာကွာဝေးပြီး နောင်ပိုအောင်ကျေးရွာကတော့ ဟုမ္မလင်းနယ်မှာ ရှမ်းနီတပ်တွေအများဆုံးတပ်ထိုင်ထားတဲ့ ကျေးရွာဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ ဟုမ္မလင်းအရှေ့ခြမ်းဘက် ရွှေပြည်အေးမြို့၊ လွှစင်ကုန်းကျေးရွာနဲ့အခြားကျေးရွာပေါင်းငါးရွာခန့်ကိုသိမ်းပိုက်ထားပြီလို့သိရပြီးဟုမ္မလင်းအနောက်ခြမ်း ဖောင်းပြင်နယ်တကြောက ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။
By – Zaw Zaw